၁၁.၈.၂၀၂၅
Translated by Htwe Ko Tun
တူရကီနိုင်ငံ အရှေ့မြောက်ပိုင်းဒေသရှိ ဘာလစ်ကီဆာပြည်နယ်အတွင်းတွင် ဩဂုတ်လ ၁၀ ရက်၊ ဒေသစံတော်ချိန် ည ၇း၅၃ နာရီ (၁၆း၅၃ ဂျီအမ်တီ) တွင် ပြင်းအား ၆ ဒသမ ၁ မဂ္ဂနီကျူ့ရှိ ငလျင်တစ်ခုလှုပ်ခတ်သွားခဲ့ရာ လူတစ်ဦးသေဆုံးပြီး ၂၉ ဦးဒဏ်ရာရကာ အဆောက်အအုံအများအပြား ပြိုကျခဲ့ကြောင်း သိရသည်။
ငလျင်က ဒေသအတွင်း ဆင်ဒါဂီမြို့တွင် အနက်မြေအောက် ၁၀ ကီလိုမီတာကို ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။ ထိုမြို့တွင် အသက် ၈၁ နှစ်ရှိ အမျိုးသမီးကြီးတစ်ဦးကို ပြိုကျအဆောက်အအုံအပျက်အစီးများအောက်မှ ပြန်လည်ဆွဲထုတ်ယူခဲ့ရခြင်းဟု ဆိုသည်။ အဆောက်အအုံ ၁၆ လုံးမှာလည်း ငလျင်ဒဏ်ကြောင့်ပြိုကျကာ လူ ၂၉ ဦးထိခိုက်ဒဏ်ရာများရခဲ့ကြောင်း သိရသည်။
သမ္မတ အာဒိုဂန်က ထိခိုက်ဒဏ်ရာရခဲ့သူတိုင်းအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အမြန်ပြန်လည်ဆောင်ရွက်ပေးမည်ဟု ကြေညာချက်ထုတ်ခဲ့ကာ ပြန်လည်ထူထောင်ရေးလုပ်ဆောင်မှုများကို အနီးကပ်ကြီးကြပ်သွားမည်ဟုလည်း ပြောခဲ့သည်။
ပြည်ထဲရေးဝန်ကြီးက ဒဏ်ရာရရှိသူများတွင် အသက်အန္တရာယ်စိုးရိမ်ရလောက်အောင် ဒဏ်ရာပြင်းထန်သူများမပါရှိကြောင်းနှင့် အခြားသောဆိုးရွားသည့် ပျက်စီးထိခိုက်မှုများ မရှိကြောင်းပြောခဲ့သည်။
တူရကီနိုင်ငံက ကမ္ဘာမြေအောက်ကျောက်လွှာကြီးသုံးခု ဆုံတွေ့ရာနေရာအထက်တွင် တည်ရှိပြီး ၎င်းကြောင့် မြေငလျင်လှုပ်ခတ်မှုများလည်းမကြာခဏဖြစ်ပေါ်စေခဲ့သည်။ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းကဆိုလျှင် နိုင်ငံ၏ အရှေ့တောင်ပိုင်းဒေသ၌ ပြင်းအား ၇ ဒသမ ၈ မဂ္ဂနီကျူ့ရှိ အင်းအားပြင်းငလျင် လှုပ်ခတ်ခဲ့ရာတွင် တူရကီနိုင်ငံအတွင်း လူ ၅၀,၀၀၀ ကျော်သေဆုံး၍ အိမ်နီးချင်းဆီးရီးယား၌ပင် နောက်ထပ် လူ ၅,၀၀၀ ခန့်သေဆုံးခဲ့ရသည်။
Ref- BBC



