၁၁. ၈. ၂၀၂၅
Translated by Thettant
တက်ခ်ခရိုင်၊ သာဆောင်ယန်းမြို့နယ်နဲ့ မျက်နှာချင်းဆိုင်ရှိ ထိုင်း-မြန်မာနယ်စပ်မှာ မြန်မာ့တပ်မတော်က ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၇) ဌာနချုပ်အနီးရှိ ကလိုယော်လေးဒေသကို Y12 လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
Y12 လေယာဉ်ဟာ စုစုပေါင်း ၆ ကြိမ် ပျံသန်းတိုက်ခိုက်ခဲ့ပြီး ဗုံးအလုံးရေ ၂၀ ကျော် ကြဲချခဲ့ကြောင်း သိရပါတယ်။
တပ်မဟာ (၇) ဌာနချုပ်အနီးနေထိုင်တဲ့ ဒေသခံရွာသားတစ်ဦးက ကရင်သတင်းအချက်အလက်ဗဟိုဌာန (KIC) ကို “လေယာဉ်က အသွားတစ်ကြိမ်၊ အပြန်တစ်ကြိမ် စုစုပေါင်း ၆ ကြိမ်၊ ဗုံးအလုံး ၂၀ ကြဲချသွားတာပါ” လို့ ပြောပါတယ်။
သတင်းရင်းမြစ်တွေရဲ့အဆိုအရ တိုက်ခိုက်မှုမဖြစ်ခင်ကတည်းက ကြိုတင်သတိပေးချက်တွေ ရှိခဲ့တာကြောင့် ဒေသခံတွေ သတိထားနေထိုင်ကြရတယ်လို့ သိရပါတယ်။ အခု ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကားအချို့ ပျက်စီးခဲ့ပြီး KNU ရဲ့ ကိုရီးယားဆေးရုံမှာလည်း ဗုံးကျရောက်ခဲ့ပါတယ်။ အမျိုးသားတစ်ဦးလည်း အသေးစားဒဏ်ရာ ရရှိခဲ့ပါတယ်။ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ခဲ့တဲ့ KNU ရဲ့ တပ်မဟာ (၇) နယ်မြေက ဒေသခံတွေဟာ မိသားစုနဲ့ ဆွေမျိုးတွေဆီ ခိုလှုံဖို့အတွက် မြစ်ကိုဖြတ်ပြီး ထိုင်းဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြပါတယ်။ ထိုင်းအာဏာပိုင်တွေကလည်း ခိုလှုံရာနေရာတွေ စီစဉ်ပေးထားတယ်လို့ သိရပါတယ်။
နှစ်စဉ် သြဂုတ်လ ၁၂ ရက်နေ့ဟာ ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီး ၁၉၅၀ ပြည့်နှစ် သြဂုတ်လ ၁၂ ရက်နေ့မှာ လုပ်ကြံခံရတာကို အောက်မေ့ဖွယ် ကရင်အာဇာနည်နေ့အဖြစ် သတ်မှတ်ထားပြီး ဒီနှစ်မှာလည်း KNU က နယ်စပ်တစ်လျှောက် နေရာများစွာမှာ အခမ်းအနားတွေ ကျင်းပဖို့ စီစဉ်ထားပါတယ်။
“ဒေါနတောင်တန်းပေါ် ကျနော့်မိတ်ဆွေ အကျော အဖူး အတီးတို့နဲ့ CDMများ ဘေးကင်းကြပါစေ (သတ်ပုံမူရင်း)”လို့ ဒါရိုက်တာကိုပေါက်က ပို့စ်တင်ထားသလို ထိခိုက်မှုရှိတယ်လို့လည်း ဒဏ်ရာရသူတချို့က မှတ်ချက်ပြုထားကြပါတယ်။
တပ်မတော်က ဗုံးကြဲချမှုမှာ တပ်မဟာ (၇) နယ်မြေထဲက KNU ဗဟိုဌာနချုပ်တည်ရှိရာ မော်ပယ်ခိုနဲ့ KNLA စစ်ဌာနချုပ်ရှိရာ သေ့ဘေထနေရာတွေလည်းပါဝင်တယ်လို့ Karen United Media က ဖော်ပြထားပါတယ်။
ဒီတိုက်ခိုက်မှုမှာ KNU ခေါင်းဆောင်ပိုင်းတွေက ထိုင်းနိုင်ငံဘက် ပုန်းရှောင်နေတာကြောင့် ထိခိုက်မှုမရှိပေမယ့် KNU/KNLA ငယ်သားတွေက သေဆုံးထိခိုက်ရှိတယ်လို့ သိရသလို KIC ကလည်း ထိခိုက်မှုတွေသိပေမယ့် အခြေအနေတည်ငြိမ်မှ ရေးသားမယ်လို့ ဖော်ပြထားပါတယ်။
Ref, AEC
