




၁၀.၈.၂၀၂၅
Written By Thandar
“သံသယကင်းတဲ့အချစ်” ဇာတ်လမ်းတွဲ Press Show နဲ့ “အချစ်ဆုံးသူရဲ့ အတ္ထုပ္ပတ္တိ” Fan Meet ပွဲအခမ်းအနားကို ယနေ့ ဩဂုတ်လ ၁၀ ရက် နေ့လယ် ၁ နာရီက ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြိုနယ်ရှိ Kantharyar Shopping Center မှာကျင်းပခဲ့ပါတယ်။
“သံသယကင်းတဲ့အချစ် ဇာတ်ကားကို ပင်းတယမှာရှိတဲ့တောင်ပေါ်မှာ ရိုက်ကူးခဲ့ရတာပါ။ ညကနေရိုက်လိုက်၊ မနက်မိုးလင်းတဲ့အထိ ရိုက်ကူးခဲ့တာ အမှတ်တရပါပဲဗျာ။ ဒီကားကို လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်က ရိုက်ခဲ့တဲ့ကား ခုမှ ပြသဖြစ်တာပါ။ ဇာတ်ကားလေး ထုတ်လွှင့်ပြသရင်လည်းဝေဖန်အားပေးကြပါဦးလို့ပြောချင်ပါတယ်”လို့ သရုပ်ဆောင် အောင်ပိုင်က ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဇာတ်လမ်းဟေမာစန်း၊ ဇာတ်ညွှန်း ဟေမာစန်း၊ အေးချမ်းမွန်၊ အေးမြတ်ချိုတို့က ရေးသားပြီး ဒါရိုက်တာ ကျော်မင်းသိမ်းက သရုပ်ဆောင်တွေဖြစ်တဲ့ အောင်ပိုင်၊
ခိုင်သဇင်ငုဝါ၊ မိုးသူရ၊ ညီနန္ဒ၊ နေနီနွေးထွေး၊ မင်းသူ၊ Lucas၊ ငြိမ်းချမ်း၊ ကောင်းမြတ်၊ သက်ဦးကို၊ ဆုလာဘ် စတဲ့သူတွေနဲ့ ရိုက်ကူးထားပါတယ်။
အဲဒီနောက် “အချစ်ဆုံးသူရဲ့ အတ္ထုပ္ပတ္တိ” ဇာတ်လမ်းတွဲမှာ ပါဝင်ထားကြတဲ့ သရုပ်ဆောင် ကောင်းမြတ်စံ၊ ပိုင်သစ်၊ မုဏ်း၊ ဆုထက်လှိုင်စတဲ့သူတွေနဲ့ Fan Meet ပွဲကို ဆက်ဆက်ကျင်းပခဲ့ကြပါတယ်။
“သံသယကင်းတဲ့အချစ်” ဇာတ်လမ်းတွဲကိုလာမယ့် ဩဂုတ် ၁၈ ရက်က စတင်ပြီး တနင်္လာနေ့ကနေ သောကြာနေ့အထိ ည ၇ နာရီတိုင်းမှာ ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။
