
၁၁. ၈. ၂၀၂၅
Written by Nay Moe၊ Hey Mar
လားရှိုးမှာ သားအဖလေးဦး လေးလောင်းပြိုင်သေဆုံးမှု ဩဂုတ် ၁၀ ရက် မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ကနဦး သိရပါတယ်။
ဖြစ်စဥ်ဖြစ်ပွားတဲ့နေရာက လားရှိုးမြို့၊ ရပ်ကွက် (၇)၊ နယ်မြေ (၁၉)၊ လမ်းသွယ် (၂၇) က နေအိမ်မှာ ဇနီးဖြစ်သူ ထွက်သွားချိန် ဖခင်က ဆယ်နှစ်ပတ်ခြာလည်သားသုံးယောက်ကို ကြွက်သတ်ဆေးကြွေးပြီး သတ်လ်ုက်သလို သူကိုယ်တိုင်လည်း သတ်သေတာလို့ လူမှုကွန်ရက်မှာ ရေးသားနေကြပေမဲ့ MT News က မြေပြင် အတည်မပြုနိုင်ပါဘူး။
ဒါ့အပြင် အလောင်းသယ်ပေးတဲ့ ပရဟိတအသင်းဝင်တစ်ဦးကလည်း “ကျွန်တော်တို့ မသယ်ခင် အနေအထားတစ်ခုမှာ ဖြစ်စဉ်တစ်ခုကို ဂဃနဏ ဘာမှ သေချာမသိရသေးလို့ လာမေးတဲ့ မီဒီယာတွေကိုလည်း သေချာပြန်မပြောပြပေးနိုင်တာ အားနာပါတယ်။ ကိစ္စတစ်ခုကို ကိုယ့်စိတ်အထင်နဲ့ပဲ စကားဖြစ်ပြီးရော မဖြေတတ်လို့ပါ။ Video ထဲက အဖေက သတ်သေပါတယ်ဆိုရင် မှောက်လျက်မသေဘဲ ဘာလို့ ပက်လက်သေနေတာလဲဆိုတာကို အရင် တွေးတော ဆုံးဖြတ်ကြည့်ပါဗျ”လို့ ဆိုထားပါတယ်။
MT News တွေ့မြင်ရတဲ့ ရုပ်သံမှာလည်း အိမ်အဝင်မှာ ဖခင်ဖြစ်သူက ဖိနပ်ကို ခေါင်းခု သေဆုံးနေသလို အိမ်အတွင်းက အခန်းသုံးခန်းမှာလည်း ဆယ်ကျော်သက်သားငယ်လေးတွေ အိပ်နေရင်း သေဆုံးလျက်သား တွေ့မြင်နေရပြီး အဓိကအချက်အဖြစ်တော့ ဖခင်ဖြစ်သူမှာ ဒဏ်ရာဒဏ်ချက်တွေနဲ့ သေဆုံးနေတာလို့ ဒေသခံပရဟိတအသင်းက ပြောတာပါ။
ရုပ်အလောင်းတွေ သွားရောက်သယ်ဆောင်တဲ့ ဒေသခံ လူမှုကူညီရေးအသင်းကတော့ “မှုခင်းဆရာဝန်တွေ ရင်ခွဲ စစ်ဆေးချက်မထွက်ခင်အထိ ကျွန်တော်တို့ မှတ်ချက် မချရဲပါဘူး။ ရင်ခွဲ စစ်ဆေးရင် အဆိပ်ဆိုရင်လည်း အဖြေပေါ်မှာပါ”လို့ MT News ကို ပြောပါတယ်။
အဆိုပါ ရုပ်သံဖိုင် လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာတဲ့အခါ ကြည့်ရှု့သူတွေက မှတ်ချက်အမျိုးမျိုးပေးကြတာလည်း တွေ့ရသလို အထူးသဖြင့် သတ်သေတာ ဒါမှမဟုတ် ဖခင်က အဆင်မပြေမှုကြောင့် သတ်သေချင်တာဆိုရင်တောင် ကလေးတွေပါ တစ်ပါတည်း သေဆုံးစေတာက ကြည့်ရှု့သူတွေကို အဓိက ဝမ်းနည်းစိတ်မကောင်းဖြစ်စေတာ ဖြစ်ပြီး ကလေးတွေမှာ ဖခင်နဲ့ အတူ သေချင်စိတ်ရှိနေရဲ့လားဆိုတဲ့ မေးခွန်းထုတ်ထားတဲ့ မှတ်ချက် အတော်များများကို တွေ့မြင်ရပါတယ်။
လက်ရှိမှာတော့ အဆိုပါ လေးလောင်းပြိုင်သေဆုံးမှုကို သက်ဆိုင်ရာက ပတ်ဝန်းကျင် စုံစမ်းစစ်ဆေးမှုတွေ၊ ရုပ်အလောင်း ရင်ခွဲ စစ်ဆေးမှုတွေ ဆက်လက်ပြုလုပ် အဖြေရှာနေဆဲ လို့ သိရပြီး ထပ်မံသိရှိရတာကို MT News က ဆက်လက် ဖော်ပြပေးပါမယ်။
