◾️ ရေအပြည့်သိုလှောင်နိုင်၍ ရေလှောင်တမံရှိ ရေအားလျှပ်စစ်တာဘိုင်များသည်ပင် စွမ်းအားပြည့်ထုတ်လုပ်နိုင်မည်
၈. ၈. ၂၀၂၅
Written by Nyein Kyaw
နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ ပေါင်းလောင်းရေလှောင်တမံ ရေပိုလွှဲမှ ရေအမြင့် ၂ ပေကျော်အထိ ရေကျော်ကျနေသော်လည်း တမံကြံ့ခိုင်မှုအတွက် စိုးရိမ်ဖွယ်မရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ယမန်နေ့တွင် အဆိုပါ ရေလှောင်တမံအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့မှုများအရ အသိပေးထုတ်ပြန်ထားသည်။
ပေါင်းလှောင်ရေလှောင်တမံသည် လက်ရှိတွင် ရေအမြင့် ၂ ဒသမ ၂၉ ပေဖြင့် ရေကျော်နေခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ ကန်ရေပြည့်သိုလှောင်နိုင်ခြင်းကြောင့် ရေအားလျှပ်စစ်စက်ရုံရှိ တာဘိုင်လေးလုံးမှ စွမ်းအားပြည့်ထုတ်လုပ်နိုင်ပြီး ဆည်ရေသောက်ဧရိယာအတွင်းမှ ဆောင်းသီးနှံနှင့် နွေသီးနှံများ စိုက်ပျိုးခြင်းအတွက် စိုက်ပျိုးရေဖူလုံစေမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ယခုကဲ့သို့ ပေါင်းလောင်းရေလှောင်တမံ ရေပိုလွှဲမှ ရေကျော်ကျနေခြင်းသည် တမံကြံ့ခိုင်မှုနှင့် ဒေသ၏ဘေးကင်းလုံခြုံမှုအပေါ် ထိခိုက်နိုင်ခြင်းမရှိသဖြင့် ပြည်သူများအနေဖြင့် စိုးရိမ်ဖွယ်မရှိကြောင်း အသိပေးထားသည်။
ပေါင်းလောင်းရေလှောင်တမံအနေဖြင့် တမံသက်တမ်း ၂၁ နှစ်တာကာလအတွင်း ရေပိုလွှဲမှ ရေကျော်ကျမှုဖြစ်စဉ် ၁၈ နှစ်အထိ ကြုံတွေ့ခဲ့ရဖူးသည်။ အများဆုံးရေကျော်ကျမှုအဖြစ် ၂၀၁၃ ခုနှစ်တွင် ရေအမြင့် ၈ ဒသမ ၃ ပေဖြင့် ၁၁၈ ရက် ရေကျော်ကျခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် ရေအမြင့် ၁၁ ဒသမ ၈၇ ပေဖြင့် ၆၈ ရက် ရေကျော်ကျခဲ့ကြောင်း သိရသည်။
