၈. ၈. ၂၀၂၅
Written by Nay Moe
အုတ်ဖိုမြို့နယ်၊ တိမ်မြုပ်ရွာ အခြေစိုက် ခမရ(၆)မှ အရာခံဗိုလ်နှင့် တပ်ကြပ်ကြီးတို့ကို ယမန်နေ့က သတ်ဖြတ်ကာ ပါရှိပစ္စည်းအကုန် လုယက်လိုက်သည်ဟု အုတ်ဖို PDF အဖွဲ့က ယခု ဝန်ခံလာသည်။
ကျူးလွန်မှုဖြစ်စဥ်မှာ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ တိမ်မြုပ်ရွာ အခြေစိုက် ခမရ(၆)မှ အုတ်ဖိုတာဆုံဘက်သို့ အရပ်ဝတ်ဖြင့် ဆိုင်ကယ်စီး၍ ထွက်ခွာလာသည့် အရာခံဗိုလ် လှကျော်နှင့် တပ်ကြပ်ကြီး ညီညီမိုးတို့သည် ဩဂုတ် ၇ ရက် နံနက် ၉ နာရီ ၄ မိနစ်တွင် သဖန်းပင်ဆိပ်ရွာအနီး၌ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို၏ PDF များအား သာမန်ပြည်သူများထင်ကာ ပေါ်တာဆွဲဖမ်းဆီးရန် လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။
ထိုသို့ပေါ်တာဆွဲဖမ်းဆီးရန် လုပ်ဆောင်နေသည့် အရာခံဗိုလ် လှကျော်နှင့် တပ်ကြပ်ကြီး ညီညီမိုး၏ ဦးခေါင်းတည့်တည့်ကို အုတ်ဖို PDF များက သေနတ်ကျည်တစ်ချက်စီ ပစ်ခတ်ခဲ့ရာ နေရာတင် သေဆုံးသွားပြီး ၎င်းတို့ထံမှ လက်ပစ်ဗုံး တစ်လုံး၊ ငွေသားကျပ် နှစ်သိန်း၊ စစ်မှုထမ်းကတ် တစ်ခု၊ စစ်မှုထမ်းစိစစ်ရေးစာအုပ်တစ်အုပ်၊ မှတ်ပုံတင်ကတ်တစ်ခု၊ လိုင်စင်ဓာတ်ပုံ ခြောက်ပုံ၊ မိုလ်ဘိုင်းဖုန်း နှစ်လုံးတို့အား သိမ်းဆည်းရရှိခဲ့သည်ဟု ဝန်ခံချက်တွင် ရေးသားထားသည်ကို တွေ့ရှိရသည်။
ထိုသို့ စွပ်စွဲသတ်ဖြတ်မှုကို MT News က မြေပြင်အတည်မပြုနိုင်ဘဲ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို၏ ဝန်ခံချက်အရသာ တိမ်မြုပ်ရွာ အခြေစိုက် ခမရ(၆)မှ အရာခံဗိုလ် လှကျော်နှင့် တပ်ကြပ်ကြီး ညီညီမိုးတို့ကို ယမန်နေ့က သတ်ဖြတ်ကာ ပါရှိပစ္စည်းအကုန် လုယက်လိုက်မှုဖြစ်စဥ်ကို သတင်းဖော်ပြခြင်းဖြစ်သည်။




