၅. ၈. ၂၀၂၅
Written by Tha Doe
တစ်လနှစ်ကြိမ် ဖွင့်လှစ်ပေးနေသော အောင်ဘာလေအွန်လိုင်းထီ၏ Jackpot ဆုကို ယခုအပတ် အကြိမ် ၂၀ မြောက်မှစတင်ကာ ကျပ်သိန်း ၁၀၀၀ အထိ တိုးမြှင့်လိုက်သလို ယခင်အပတ် ၁၉ ကြိမ်မြောက်က Jackpot ဆုကြီးပေါက်သူမရှိ၍ ယခုအပတ် Jackpot ဆုကြီးပေါက်သူမှာ သိန်း ၁၅၀၀ ဆုကြေးရမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၃ ခုနှစ် ဇွန်လက အက္ခရာ (၁)လုံးနှင့် ဂဏန်း (၆)လုံးပါ ကျပ် ၁၀၀၀ တန် အောင်ဘာလေအွန်လိုင်းသိန်းဆုထီအား စတင်ရောင်းချခဲ့ပြီးနောက် ၂ဝ၂၄ ခုနှစ်၊ စက်တင်ဘာလ (၂၉) ရက်နေ့ နောက်ဆုံးရောင်းချပေးခဲ့ပြီး ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ (၁၅)ရက်နေ့မှစတင်၍ ကျပ် ၁၀၀၀ အောင်ဘာလေအွန်လိုင်းသိန်းဆုထီအား အက္ခရာ (၁)လုံးနှင့် ဂဏန်း (၅)လုံးဖြင့် ရောင်းချကာ ဆုကြေး ကျပ်သိန်း ၅၀၀ ကို Jackpot ဆုအဖြစ် ချီးမြှင့်ခဲ့သည်။
အဆိုပါ အွန်လိုင်းထီ Jackpot စနစ်တွင် ယခင်က ကျပ်သိန်း ၅၀၀ ဆုကြီးကို ထီဖွင့်ချိန် ပေါက်သူမရှိပါက သုံးကြိမ်မြောက်အထိ ဆုကြေးသယ်ယူ ဖွင့်လှစ်ကာ သုံးကြိမ်မြောက်တွင်မူ မပေါက်မချင်းဖွင့်လှစ်ပေးခဲ့သဖြင့် ကျပ် သိန်း ၁၅၀၀ အထိ ရရှိစေသည့် Jackpot ဆုကြီးစနစ်အပြင် ယူနစ်ဆုများအဖြစ် ကျပ်သိန်း ၁၀၀၊ ကျပ်သိန်း ၅၀၊ ကျပ် ၁၀ သိန်း၊ ကျပ် ၂ သိန်း၊ ကျပ် ၁ သိန်း၊ ကျပ် ငါးသောင်းနှင့် ကျပ် တစ်သောင်းဆုများသာ ချီးမြှင့်ခဲ့ရာမှ ယခု ဩဂုတ် ၁ ရက်တွင် စတင်ရောင်းချသည့် အကြိမ် ၂၀ မြောက်မှ စတင်ကာ Jackpot ဆုကြီးကို တိုးမြှင့်ပေးမည့်အပြင် အခြားသော ယူနစ်ဆုများကိုလည်း ထပ်တိုးခဲ့သဖြင့် ဆုကြီးရရှိမည့်ပုံစံမှာ အမြင့်ဆုံး Jackpot ဆုကြီး ကျပ်သိန်း ၁၀၀၀၊ ယူနစ်ဆု ကျပ်သိန်း ၅၀၀၊ ကျပ်သိန်း ၂၀၀၊ ကျပ်သိန်း ၁၀၀၊ ကျပ်သိန်း ၅၀၊ ကျပ်သိန်း ၂၀၊ ကျပ် ၁၀ သိန်း၊ ကျပ် ၂ သိန်း၊ ကျပ် ၁ သိန်း၊ ကျပ် ငါးသောင်းနှင့် ကျပ် တစ်သောင်းဆုများအဖြစ် ပြောင်းလဲသွားမည်ဖြစ်သည်။
ထို့အတူ ယခင်အပတ် ၁၉ ကြိမ်မြောက်က Jackpot ဆုကြီး ကျပ်သိန်း ၅၀၀ ပေါက်သူမရှိ၍ ယခုအပတ် ဩဂုတ် ၁၆ ရက်တွင် ထွက်ရှိမည့် အကြိမ် ၂၀ မြောက် အွန်လိုင်းထီတွင် Jackpot ဆုကြီးပေါက်သူမှာ တိုးမြှင့်လိုက်သည့် ဆုကြေး ကျပ် သိန်း ၁၀၀၀ နှင့်ပေါင်းကာ ဆုကြေး ကျပ် သိန်း ၁၅၀၀ ဆွတ်ခူးရယူနိုင်မည်ဖြစ်ကြောင်း သိရသည်။



