◾️ CDM ကြောင့် ဝန်ထမ်းလိုအပ်ချက် အခက်အခဲများရှိခဲ့သည့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ဝန်ထမ်းအသစ် ၇,၃၀၀ ကျော် ခန့်အပ်ထား
၅. ၈. ၂၀၂၅
Written by Nyein Kyaw
ဝန်ထမ်းအသစ်များ ထပ်မံခန့်ထားနိုင်ခြင်းကြောင့် ပြည်သူဆေးရုံများတွင် ကုသရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ယမန်နေ့တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနတို့မှ ဌာနမှူးများနှင့်တွေ့ဆုံစဉ် ပြောကြားသည်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အခြေခံကျန်းမာရေးဝန်ထမ်း ၄,၇၉၅ ဦး၊ သားဖွားဆရာမ ၁,၀၅၈ ဦး၊ သွားဘက်ဆိုင်ရာဆရာဝန် ၂၂ ဦး အပါအဝင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ဝန်ထမ်းသစ် ၇,၃၀၅ ဦး ခန့်ထားနိုင်ခဲ့ပြီး ၃,၁၉၂ ဦးကို ရာထူးတိုးမြှင့်ပေးနိုင်ခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ပြည်သူ့ဆေးရုံများတွင် ကုတင် (၅၀)အဆင့်အထိ အထူးကုဆရာဝန်များ ခန့်ထားနိုင်ခြင်းနှင့် သစ်လွင်လက်ထောက်ဆရာဝန်များနှင့် သစ်လွင်သွားနှင့်ခံတွင်းဆရာဝန်များ ထပ်မံခန့်ထားနိုင်ခြင်းကြောင့် ကုသရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ပုဂ္ဂလိက ကျန်းမာရေးဝန်ဆောင်မှု အရည်အသွေးမြင့်မားစေရေးအတွက် ဗဟိုအဖွဲ့အနေဖြင့် စနစ်တကျကြပ်မတ်ဆောင်ရွက်နိုင်ခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ပြည်သူ့ဆေးရုံများတွင် အခမဲ့ဓာတ်ခွဲ၊ ဓာတ်မှန်စမ်းသပ်စစ်ဆေးမှုများ တိုးမြှင့်လုပ်ဆောင်နိုင်ခြင်း၊ နိုင်ငံတော်က တိုးမြှင့်ပံ့ပိုးပေးသည့် ကျန်းမာရေးရန်ပုံငွေဖြင့် လိုအပ်သည့် ဆေးနှင့်ဆေးပစ္စည်း၊ ခေတ်မီစက်ကိရိယာပစ္စည်းများ ဖြည့်ဆည်းပေးနိုင်ခြင်းတို့ကြောင့် လူနာများ၏ စိုက်ထုတ်ကုန်ကျငွေ လျော့နည်းလာသည်ကို ကောက်ခံရရှိသော အချက်အလက်များအရ တွေ့ရှိရကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
