၅. ၈. ၂၀၂၅
Written by Nyein Kyaw
ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform)တွင် သွင်းကုန်လုပ်ငန်းရှင်များအတွက် တရုတ်ယွမ် ၁၀ သန်းနှင့် ထိုင်းဘတ်သန်း ၅၀ ရောင်းချပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အသိပေးကြေညာထားသည်။
ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်ကလည်း နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform) မှတစ်ဆင့် သွင်းကုန်လုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၁၀ သန်း ရောင်းချပေးမည်ဖြစ်ကြောင်း အသိပေးကြညာခဲ့ပြီးနောက် အဆိုပါ ဒေါ်လာ ၁၀ သန်းအား ရက်အလိုက် လိုအပ်သည့်ပမာဏအတိုင်း ခွဲဝေထုတ်ရောင်းပေးခဲ့သည်။
ထို့အတူ ဇူလိုင်လ ၂ ရက်ကလည်း နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform) မှတစ်ဆင့် သွင်းကုန်လုပ်ငန်းရှင်များအတွက် တရုတ်ယွမ် ၁၀ သန်း ရောင်းချပေးမည်ဖြစ်ကြောင်း အသိပေးကြေညာခဲ့သည်။
ထို့ပြင် ဗဟိုဘဏ်အနေဖြင့် စက်သုံးဆီလုပ်ငန်းရှင်များအတွက်လည်း ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဧပြီလမှ ဇူလိုင် ၂၈ ရက်အထိ လေးလနီးပါးတွင် ဒေါ်လာ ၄၅၇ သန်းနှင့် ထိုင်းဘတ်သန်း ၂၀၀ အထိ ထုတ်ရောင်းပေးထားပြီးလည်းဖြစ်သည်။
ဗဟိုဘဏ်မှ သွင်းကုန်လုပ်ငန်းရှင်များအတွက် နိုင်ငံခြားငွေများ ရောင်းချပေးနေသည့် FX Online Trading Platform တွင် အမေရိကန်တစ်ဒေါ်လာ ၃၆၂၂ ကျပ်၊ ထိုင်းတစ်ဘတ် ၁၃၄ ကျပ်နှင့် တရုတ်ယွမ် တစ်ယွမ် ၅၅၃ ကျပ် ဖြစ်သည်။ ပြင်ပဈေးကွက်တွင် အမေရိကန်တစ်ဒေါ်လာ ၄၄၀၀ ကျပ်၊ ထိုင်းတစ်ဘတ် ၁၃၆ ကျပ်၊ တရုတ်တစ်ယွမ် ၆၁၃ ကျပ် ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
