၅.၈.၂၀၂၅
Written by Hey Mar
ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့တဲ့ တောင်ငူခရိုင်အတွင်း မြို့နယ်ကျေးရွာတချို့မှာ စားရေရိက္ခာ အခက်အခဲ လူတွေအတွက် ကြီးကြီးမားမား မကြုံခဲ့ရပေမယ့် တိရစ္ဆာန် အစာအခက်အခဲတော့ ကြီးကြီးမားမား ကြုံတွေ့ခဲ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
မြစ်ရေဝင်ရောက်လာတာနဲ့အမျှ ရေဘေးလွတ်ရာကို ဆိတ်၊ ဝက် စတဲ့ မွေးမြူရေးတိရစ္ဆာန်နဲ့ လယ်ယာလုပ်ငန်းခွင်အကျိုးပြု ကျွဲနွားတိရစ္ဆာန်တွေပါ အလျှင်အမြန်ရွှေ့ပြောင်းပေးကြရပြီး စားကျက်ကွင်းတွေ ရေမြုပ်တာ၊ သိုလှောင်ထားတဲ့ ကောက်ရိုး၊ မြက်၊ နှမ်းဖတ်စတာတွေလည်း တချို့ဒေသတွေမှာ ရွှေ့ပြောင်းသိုလှောင်ဖို့ ခက်ခဲခဲ့လို့ ရက်ရှည်ကြာလာတဲ့အခါ လူအတွက် ရိက္ခာလှူဒါန်းသူတွေ ပေါများလို့ မခက်ခဲပေမယ့် တိရစ္ဆာန်အစာနဲ့ ရေကတော့ အခက်အခဲရှိနေတယ်လို့ ဆိုပါတယ်။
တောင်ငူမြို့၊ ထန်းတပင်မြို့နယ်၊ ဒိုးသောင်ကျေးရွာဒေသခံတစ်ဦးက “ကျွဲ နွားတိရစ္ဆာန်တွေ ရွာထဲ ရေဝင်တော့ တံတားပေါ် ရွှေ့တာ၊ ရေတားတမံပေါ် ရွှေ့ထားတာ ဒါမျိုးတော့ ဆောင်ရွက်ပေမယ့် အစားအစာအတွက်တော့ အတော်ခက်ခဲခဲ့တယ်။ သိုလှောင်ထားတာတွေ ပျက်စီးတယ်။ ပြင်ဆင်ချိန်ရပေမယ့်လည်း ရက်ရှည်သွားတော့ အခက်အခဲ ဖြစ်တာပါ”လို့ MT News ကို ပြောပါတယ်။
အခုနှစ် ပဲခူးတိုင်း၊ တောင်ငူခရိုင်အတွင်း စစ်တောင်းမြစ်ရေမြင့်တက်မှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ပေမယ့် မနှစ်က ၂၀၂၄ ခုနှစ်အတွင်းကြုံတွေ့ခဲ့ရတဲ့ ဖြစ်စဉ်လောက် ပျက်စီးဆုံးရှုံးမှု မရှိခဲ့ဘူးလို့လည်း သိရပါတယ်။ ဒေသခံတွေအနေနဲ့ သဘာဝဘေးအန္တရာယ်ကို ကြိုတင်တွက်ဆ ရင်ဆိုင်နိုင်ခဲ့ကြတယ်လို့လည်း အုတ်တွင်းမြို့နယ်အခြေစိုက် ရင်ခုန်သံရှင်သန်ရေး လူမှုကူညီရေးအသင်းတာဝန်ရှိသူ ဆရာတော် ဦးတေဇသီရိက မိန့်ပါတယ်။
ဆရာတော်ဦးတေဇသီရိက “ရွှေ့ပြောင်းပေးရတာထက် သူတို့မှာ လိုအပ်တာကို ထောက်ပံ့ကူညီရတာမျိုး ပိုလုပ်ခဲ့ရပါတယ်။ သောက်သုံးရေ၊ ချက်ပြုတ်စားသောက်ဖို့ ရိက္ခာတချို့နဲ့ ထင်းမီးသွေးကအစ ဆေးဝါးပေါ့။ ဒါတွေ ထောက်ပံ့ကူညီရတယ်။ အန္တရာယ်ကြီးကြီးမားမရှိဘဲ ရင်ဆိုင်လို့ရတဲ့ အခြေအနေဆို လူတွေက နေရပ်က မခွာချင်ကြဘူး။ နိမ့်တဲ့အိမ်တွေကလည်း မြင့်တဲ့အိမ်နဲ့ ပေါင်းနေကြတယ်။ ဘုန်းဘုန်းတို့လို အသင်းတွေကတော့ ရေကင်းသဘော ပတ်သင့်လည်း ပတ်နေရတာပေါ့။ အန္တရာယ်ကင်းအောင် လိုရာဖြည့်လို့ရအောင်။ အခုလည်း ရေက ကျသွားပါပြီ။ ဒါပေမယ့် ရေတွင်း ရေကန်တွေ ပျက်လို့ သောက်သုံးရေ ခက်နေဆဲပဲ” လို့ ဆိုပါတယ်။
နှစ်စဉ် စစ်တောင်းမြစ်၊ သံလွင်မြစ်နဲ့ ဧရာဝတီမြစ်တို့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ပေမယ့် အခု မိုးလယ်ကာလမှာတော့ ဧရာဝတီမြစ်ရေ ထူးကဲမြင့်တက်မှုမရှိခဲ့ဘဲ စစ်တောင်းမြစ်နဲ့ သံလွင်မြစ်မှာသာ မြစ်ရေစိုးရိမ်ရေမှတ်ကို ကျော်လွန်မြင့်တက်ခဲ့တာလည်း ဖြစ်ပါတယ်။ မိုးလယ်ကာလက အခု ဩဂုတ်လ ၃၀ ရက်မှာ ကုန်ဆုံးမှာဖြစ်ပြီး အဲ့ဒီအတောအတွင်း လေဖိအားနည်းရပ်ဝန်း၊ မုန်တိုင်းစသဖြင့်လည်း ဖြစ်ပေါ်ကြုံတွေ့လာနိုင်တာမို့ မိုးနှောင်းရာသီ ကုန်တဲ့အထိ မိုးလေဝသ အခြေအနေကို သတိမပြတ် နားစွင့်ကာ ဆက်လက်ပြီးနားထောင်နေထိုင်ဖို့လည်း မိုးလေဝသနဲ့ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်တွေ စောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က အသိပေးပါတယ်။




