၅.၈.၂၀၂၅
Written By Thandar
ထပ်ဆင့် အကယ်ဒမီ စိုးမြတ်သူဇာ၊ စိုးမြတ်ကလျာ၊ စိုးမြတ်နန္ဒာတို့ရဲ့ ကျေးဇူးရှင် ဖခင်ကြီး ဦးစိုးမြင့် အသက် ၈၆ နှစ်ဟာ ယနေ့ သြဂုတ်လ ၅ ရက် နံနက် ၅ နာရီက ၅ မိနစ်က ရန်ကုန်မြို့မှာ ကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။
“အဖေ ဆုံးပြီ …။ ချစ်တယ် အဖေ …။ အဖေ့အတွက် အကောင်းဆုံးလုပ်ပေးနိုင်တာမို့ မောင်တွေ – ညီမတွေ ကျေနပ်တော့နော်” ဆိုပြီး မကြီး ပြောတော့ ရင်ထဲမှာ ထိခိုက်ကြေကွဲရပါတယ် အဖေရယ်။ “အမြဲတမ်း ပုတီးစိပ်နေတဲ့ လက်ကလေး” ကို သံသရာတစ်ကွေ့မှာပြန်ထိတွေ့ချင်ပါသေးတယ်..။ အဖေ့သမီးအငယ်ဆုံးကတော့ တာဝန်မကျေသလိုခံစားရတယ် အဖေ။ အဖေ ကောင်းရာသုဂတိလားပါစေ” လို့ သရုပ်ဆောင် စိုးမြတ်နန္ဒာက ပရိသတ်သိအောင်ပြောပါတယ်။
ဒေါ်ကြည်ကြည်ခင်ရဲ့ ခင်ပွန်းဖြစ်သူ ဦးစိုးမြင့်ကိုတော့ ယနေ့ ဩဂုတ်လ ၅ ရက်နေ့ နေ့လယ်ပိုင်းမှာတော့ ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်ရှိ ရေဝေးသုသာန်မှာ သင်္ဂြိုဟ်သွားမယ်လို့ သိရပါတယ်။
“သူငယ်ချင်းတို့ရေ ငါးနာရီ ငါးမိနစ်မှာ အဖေ ဆုံးပြီ။ ညဦးပိုင်းမှာထဲက အဖေ သတိပြန်မလည်လာတော့လို့ ဆေးရုံကားခေါ်ပြီး အမြန်လာခဲ့ပေမယ့် ရောက်ခါနီးလေးမှာ လက်ပေါ်တင်ပဲ အသက်ထွက်သွားရှာတယ်။ အခု ဆေးရုံအပြင်ဘက်မှာ ထိုင်ပြီးစာရေးနေတာ မျက်ရည်တော့ မကျသေးဘူး။ ဒီနေ့ပဲ သင်္ဂြိုဟ်ပါမယ်”လို့ သမီးအလတ်ဖြစ်သူ စိုးမြတ်ကလျာက ပြောပါတယ်။
ဖခင်ကြီးဆုံးပါးသွားမှုအတွက် မိသားစုနဲ့အတူ စိတ်မကောင်းများစွာဖြစ်ရတဲ့အကြောင်း အနုပညာအသိုင်းအဝိုင်းတွေအကုန်လုံးကလည်း ဆုတောင်းမေတ္တာပို့သနေကြတာလည်းဖြစ်ပါတယ်။
#ထပ်ဆင့်အကယ်ဒမီစိုးမြတ်သူဇာ #စိုးမြတ်ကလျာ #စိုးမြတ်နန္ဒာ #ကျေးဇူးရှင်ဖခင်ကြီးဦးစိုးမြင့်
#USoeMyint #SoeMyatThuzar #SoeMyatKalyar #SoeMyarNandar #MyanmarActress #RIP








