



၄.၈.၂၀၂၅
Written By Thandar
“အိပ်မက်တွေက စျေးကြီးတယ်”ရုပ်ရှင်ဇာတ်ကားကြီး သတ်မှတ်ထားတဲ့ စံချိန်ပြည့်မှီခဲ့လို့ မြန်မာတစ်ပြည်လုံးရှိ ရုံတင်ရုံတွေမှာ နှစ်ပတ်ရုံတင် ပြသခွင့်ကို ရရှိထားပါတယ်။
“အမတွေနဲ့ ရိုက်ကူးထားတဲ့ ဇာတ်ကားမို့ ပျော်ပါတယ်။ အမှတ်တရကတော့ မကြီးစိုးနဲ့ ရိုက်ရတာတော့ ပိုအမှတ်တရဖြစ်တာပေါ့။ ပြီးရင် မချောတို့နဲ့ ရိုက်ရလို့လေ။ ငွေရဖို့ အတွက် ဘယ်လို နည်းဗျူဟာတွေ သုံးပြီး လူလူချင်းဘယ်လိုတွေ လူလည်ကျမလဲ ဆိုတာကတော့ ဒီကားမှာ ပရိသတ်တွေ ပညာယူရင်ရနိုင်တာတွေလည်း ပါပါတယ်။ ကျွန်တော်တို့ ရုပ်ရှင်ဇာတ်ကားကို လာရောက် ကြည့်ရှုအားပေးကြတဲ့ ပရိသတ်တွေကို ကျေးဇူး အထူးတင်ရှိပါတယ်” လို့ သရုပ်ဆောင် ပိုင်တံခွန်က ပြောပါတယ်။
အဆိုပါ ဇာတ်ကားနဲ့ ပတ်သက်ပြီးတော့ ပရိသတ်တွေနဲ့ အမှတ်တရတွေ့ဆုံပွဲကိုတော့ ဩဂုတ်လ ၂ ရက်နေ့နဲ့ ၃ ရက်နေ့တွေမှာ ရန်ကုန်မြို့ရှိ မင်္ဂလာတာမွေရုပ်ရှင်ရုံ၊ မင်္ဂလာသန်လျင်ရုပ်ရှင်ရုံ၊ မင်္ဂလာဝဇီရာ (လှိုင်သာယာ) ရုပ်ရှင်ရုံနဲ့ မင်္ဂလာဂမုန်းပွင့်(စံရိပ်ငြိမ်) ရုပ်ရှင်ရုံတွေမှာ လိုက်လံကျင်းပခဲ့တာလည်းဖြစ်ပါတယ်။
ရုံပြိုင်စနစ်နဲ့ ဇာတ်ကားနှစ်ကားဖြစ်တဲ့ အိပ်မက်တွေက ဈေးကြီးတယ် ရုပ်ရှင်ဇာတ်ကားနဲ့ ဂုဏ် ရုပ်ရှင် ဇာတ်ကားတို့က တစ်ပြိုင်နက်တည်း ဩဂုတ်လ ၁ ရက်နေ့မှာ ရုံတင်ခဲ့ကြတာလည်းဖြစ်ပါတယ်။




“အိပ်မက်တွေက ဈေးကြီးတယ်” ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ ပွင့်သီင်္ဂီဇော်က ရိုက်ကူးထားပြီး သရုပ်ဆောင် ပိုင်တံခွန်၊ အကယ်ဒမီစိုးမြတ်သူဇာ၊ အကယ်ဒမီချောရတနာ၊ သွန်းဆက်၊ နော်ဖောအယ်ထား၊ မေပန်းချီ စတဲ့ အနုပညာရှင်များစွာက ပါဝင်ထားကြပါတယ်။
“ဂုဏ်”ရုပ်ရှင်ဇာတ်ကားကြီးကတော့ ရုံတင်ပြသလို့ရရှိလာတဲ့ ငွေကြေးတွေကို အမေများအဖွဲ့ကို ငွေပဒေသာပင်အဖြစ် လှူဒါန်းသွားမှာလည်းဖြစ်ပါတယ်။
