
၃. ၈. ၂၀၂၅
Written by Thettant ၊ Thandar
မြန်မာနိုင်ငံကိုယ်စားပြု E Sports အသင်းတစ်သင်းဖြစ်တဲ့ Yangon Galacticos အသင်းဟာ 2025 PUBG MOBILE WORLD CUP (PMWC 2025) ချန်ပီယံဆုကို မြန်မာနိုင်ငံအတွက် ပထမဆုံးအဖြစ် ဒီနေ့ညမှာ ဆွတ်ခူး ရယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
“𝐖𝐞 𝐎𝐰𝐧 𝐭𝐡𝐞 𝐖𝐨𝐫𝐥𝐝 🏆 မြန်မာနိုင်ငံနဲ့ မိုင်ပေါင်း (၄,၀၀၀) ကျော်အကွာအဝေး၊ ဆော်ဒီနိုင်ငံ Riyadh မြို့မှာကျင်းပတဲ့ PMWC 2025 ပြိုင်ပွဲမှာတော့ ကျွန်တော်တို့ YG PUBGM အသင်းအနေနဲ့ ကမ္ဘာ့စင်မြင့်ပေါ်မှာ PMWC 2025 ပြိုင်ပွဲရဲ့ ချန်ပီယံဆုကို ထိုက်ထိုက်တန်တန် အကောင်းဆုံးရယူနိုင်ခဲ့ပါပြီ။ ဒီချန်ပီယံဆုဟာ ကျွန်တော်တို့ YG PUBGM အသင်းအနေနဲ့ ပထမဆုံး Esports ကမ္ဘာ့ဖလားဖြစ်တဲ့ World Champion Title ကို ရယူနိုင်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးနဲ့ တစ်သင်းတည်းသောအသင်းအဖြစ် မှတ်တိုင်အသစ်ကို ရေးထိုးနိုင်ခဲ့တာဖြစ်ပါတယ်။ PMWC 2025 ခရီးစဉ်တစ်လျှောက်လုံး ကျွန်တော်တို YG PUBGM အသင်းကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိတ်သတ်တွေကို ကျေးဇူးတင်ကြောင်းဖော်ပြဖို စာလုံးတွေလောက်ငှမနေပါဘူး။”လို့ Yangon Galacticos က ပြောပါတယ်။

ကမ္ဘာလုံးဆိုင်ရာ PUBG အသင်း ၁၅ သင်းနဲ့ဩဂုတ် ၁ ရက်ကနေ ၃ ရက်အထိ သုံးရက်ကြာ ဗိုလ်လုရတဲ့ Grand Final ပြိုင်ပွဲမှာ Yangon Galacticos အသင်းဟာ အကောင်းဆုံးလက်စွမ်းပြသနိုင်ခဲ့ပြီး ကမ္ဘာ့အဆင့် ၁ ချန်ပီယံဆု နေရာကို ထိုက်ထိုက်တန်တန်ဆွတ်ခူးခဲ့တာကြောင့် ကမ္ဘာ့ချန်ပီယံအဖြစ် ဒေါ်လာ ၅၄၇၀၀၀ တိတိ ဆွတ်ခူးနိုင်ခဲ့တယ်လို့လည်း Liquipedia က ဖော်ပြထားပါတယ်။
ဆော်ဒီနိုင်ငံမှာ ကျင်းပနေတဲ့ PMWC 2025 ပြိုင်ပွဲကြီးမှာ ဒေသတွင်းပြိုင်ပွဲတွေကတစ်ဆင့်ကျော်ဖြတ်လာတဲ့ နိုင်ငံပေါင်းစုံက ကမ္ဘာ့ထိပ်တန်း E Sports အသင်း ၂၄ သင်းက ဇူလိုင် ၂၅ ရက်ကနေ စတင် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး ပွဲစဥ်တစ်လျှောက် ဆုကြေးက ဒေါ်လာ ၃,၀၀၅,၀၀၀ ချီးမြှင့်ခဲ့ပါတယ်။

PMWC 2025 ပြိုင်ပွဲကြီးမှာ ဒုတိယဆုကို တရုတ် Weibo Gaming Esports အသင်းက ဆွတ်ခူးပြီး ဆုကြေး ဒေါ်လာ ၃၂၃၅၀၀ ဆွတ်ခူးသွားသလို တတိယနေရာကိုတော့ မွန်ဂိုလီးယားက Alpha Gaming က ရရှိသွားကာ ဒေါ်လာ ၂၂၂၀၀၀ ဆွတ်ခူးခဲ့တယ်လို့ Liquipedia က ဖော်ပြထားတာ တွေ့ရှိရပါတယ်။
