
၃. ၈. ၂၀၂၅
Translated by Thettant
အာဆီယံ ယာယီစောင့်ကြည့်လေ့လာရေးအဖွဲ့သည် ကမ္ဘောဒီးယား-ထိုင်း နယ်စပ်ရှိ ပဋိပက္ခဖြစ်ပွားရာဒေသများတွင် နှစ်ပတ်ကြာ ဒုတိယအကြိမ် စစ်ဆေးမှုကို ယနေ့ တနင်္ဂနွေနေ့က စတင်လိုက်ကြောင်း ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သော မလေးရှားနိုင်ငံမှ စစ်သံမှူးက ဦးဆောင်သော အဆိုပါအဖွဲ့တွင် အင်ဒိုနီးရှား၊ မြန်မာ၊ လာအို၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် စင်ကာပူနိုင်ငံတို့မှ စစ်သံမှူးများ ပါဝင်သည်။
ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်ချုပ်ကြီး Maly Socheata က အဆိုပါအဖွဲ့သည် ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့ သဘောတူညီခဲ့သော အပစ်အခတ်ရပ်စဲရေးကို စောင့်ကြည့်ရန်အတွက် Oddar Meanchey နှင့် Preah Vihear ပြည်နယ်ရှိ နေရာများစွာသို့ သွားရောက်မည်ဟု ပြောကြားခဲ့သည်။
“ဒီမိတ်ဖက်နိုင်ငံတွေရဲ့ ပါဝင်မှုက အပစ်အခတ်ရပ်စဲရေးကို အောင်မြင်ပြီး ရေရှည်တည်တံ့စေဖို့၊ နှစ်နိုင်ငံပြည်သူတွေရဲ့ အကျိုးအတွက် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ပြန်လည်ယူဆောင်လာဖို့ဆိုတဲ့ ဘုံဆန္ဒကို ထင်ဟပ်စေပါတယ်” ဟု သူမက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ဇူလိုင် ၂၄ ရက်က ကမ္ဘောဒီးယားနှင့် ထိုင်းစစ်သားများအကြား နယ်စပ်ဒေသများတွင် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားခဲ့သည်။ ဇူလိုင် ၂၈ ရက်နေ့ နေ့လယ်ပိုင်းတွင် နှစ်နိုင်ငံသည် အပစ်အခတ်ရပ်စဲရေးကို သဘောတူခဲ့ကြပြီး ထိုနေ့ည သန်းခေါင်ယံမှစ၍ အသက်ဝင်ခဲ့သည်။
Ref, Xinhua
