
၂. ၈. ၂၀၂၅
Written by Nyein Kyaw
အများပြည်သူ ပို့ဆောင်ဆက်သွယ်ရေး (Public Transportation) ဖြစ်သည့် ရထားပို့ဆောင်ရေးအပေါ် ပြည်သူများအားထားမှု ပိုမိုမြင့်တက်လာစေရေး ဆောင်ရွက်သွားကြရန် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ယနေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ကေတုမတီမြို့ဟောင်း ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်နေရာများ ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးစဉ် မှာကြားသည်။
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ရန်ကုန်-မန္တလေးလမ်းဟောင်းအတိုင်း နေပြည်တော်မှ တောင်ငူမြို့သို့ ထွက်ခွာခဲ့ကြပြီး လမ်းဘေးဝဲယာတစ်လျှောက် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် လူနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ယင်းကဲ့သို့ စစ်ဆေးစဉ် ရထားလမ်းများ ကြံ့ခိုင်မှုရှိစေရေးနှင့် စနစ်တကျဖြစ်စေရေး စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန်လိုကြောင်း၊ ရထားလမ်းဘေး ဝဲ/ယာ တစ်လျှောက် သန့်ရှင်းသာယာလှပပြီး ရေစီးရေလာ ကောင်းမွန်စေရေးဆောင်ရွက်သွားရန်လိုကြောင်း ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြားသည်။

ရထားလမ်းဘေးရှိ လယ်ယာမြေများကို စနစ်ကျနသည့် လယ်ယာမြေများအဖြစ် ဖော်ထုတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ ဘူတာယာဒ်ဝင်းနှင့် ဘူတာရုံများ စနစ်တကျ ဖြစ်စေရေးနှင့် သန့်ရှင်းသာယာမှုများရှိစေရေး ဆောင်ရွက်သွားရန်လိုကြောင်း ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြားသည်။
ရထားလမ်းနယ်များအတွင်း စိမ်းလန်းစိုပြေသာယာပြီးမျက်စိပသာဒ ဖြစ်စေသည့် သစ်တောငယ်များကို စိုက်ပျိုးသွားရန်လိုကြောင်း၊ မီးရထားဖြင့် သွားလာလျက်ရှိသည့် မီးရထားစီးပြည်သူများ စိတ်လက်ချမ်းသာစွာဖြင့် စီးနင်းလိုက်ပါ နိုင်ရေးနှင့် ပြည်တွင်းပြည်ပ ခရီးသွားများအား ဆွဲဆောင်မှုရှိစေရေး၊ Public Transportation ဖြစ်သည့် ရထားပို့ဆောင်ရေးအပေါ် ပြည်သူများအားထားမှု ပိုမိုမြင့်တက်လာစေရေး ဆောင်ရွက်သွားကြရန်လိုကြောင်း ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြားသည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ သည် ရထားခရီးစဉ်တွင်အတူ လိုက်ပါစီးနင်း လိုက်ပါလာသည့် ခရီးသွားပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ပြီးနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ နှင့် ဇနီးနှင့် ခရီးစဉ်တွင်လိုက်ပါလာကြသည့် အဖွဲ့ဝင်များသည် ရန်ကုန်ဘူတာကြီးသို့ ရောက်ရှိကြပြီး မီးရထားဝန်ထမ်းများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။
အဆိုပါ DEMU လူစီးအမြန်ရထားတွဲအသစ်များကို ရန်ကုန်-နေပြည်တော် ရထားလမ်းပိုင်းတွင် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှစ၍ ရန်ကုန်-နေပြည်တော်၊ နေပြည်တော်-ရန်ကုန် ရထားများ စတင်ပြေးဆွဲခဲ့ပြီး ပြေးဆွဲချိန် ၅ နာရီခွဲခန့် ကြာမြင့် ကြောင်း၊ ထိုသို့ DEMU လူစီးအမြန်ရထားတွဲအသစ်များပြေးဆွဲနိုင်ခဲ့သဖြင့် ရထားလမ်းပိုင်းတစ်လျှောက် ခရီးသွားပြည်သူများအနေဖြင့် မိမိတို့သွားလိုရာခရီးသို့ အချိန်တို အတွင်း စိတ်အေးချမ်းသာစွာ၊ ဈေးနှုန်းသက်သာစွာဖြင့် စီးနင်းသွားလာလျက်ရှိကြောင်း သိရသည်။
