
၂.၈. ၂၀၂၅
Translated by Thettant
ရုရှားနိုင်ငံက အသက် ၈၈ နှစ်အရွယ် လေယာဉ်တီထွင်သူဝါသနာရှင်အဘိုးအိုတစ်ဦးဟာ သူကိုယ်တိုင်တည်ဆောက်ထားတဲ့ ရဟတ်ယာဉ်ကို စမ်းသပ်ပျံသန်းဖို့ လုပ်ဆောင်စဉ် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူဟာ Vladimir Trapeznikov ဆိုသူဖြစ်ပြီး သူဟာ ရုရှားနိုင်ငံ Omutninsky ခရိုင်မှာ ဒေသခံတွေကြား ရေပန်းစားသူတစ်ဦးဖြစ်ကာ ပြီးခဲ့တဲ့ သောကြာနေ့မှာ သူ့ရဲ့ ကိုယ်ပိုင်လက်ဖြစ် ရဟတ်ယာဉ်ကို စမ်းသပ်ရင်း အခုလို ကြေကွဲဖွယ်ဖြစ်ရပ်နဲ့ ကြုံခဲ့ရတာလို့ CNN သတင်းက ရုရှားအာဏာပိုင်တွေကို ကိုးကားပြီး ဖော်ပြထားပါတယ်။
CNN သတင်းအရ Volga ဒေသ သယ်ယူပို့ဆောင်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ “အင်ဂျင်စနှိုးပြီး အရှိန်မြှင့်တင်နေစဉ်မှာ ရဟတ်ယာဉ်ရဲ့ ပင်မပန်ကာ (Rotor blades) တွေဟာ ပေါက်ကွဲကာ ကွာထွက်သွားခဲ့ပါတယ်။ အဲဒီပန်ကာတွေ ပြုတ်ထွက်ပေါက်ကွဲမှုကြောင့် လေယာဉ်မှူးဟာ လွင့်စင်သွားပြီး ထိခိုက်ဒဏ်ရာရစေခဲ့ပါတယ်” လို့ ဖော်ပြထားပါတယ်။
Trapeznikov ဟာ ပန်ကာထိမှန်တာကြောင့် ဒဏ်ရာတွေနဲ့ Omutninsky ခရိုင်ဆေးရုံကို ပို့ဆောင်ခဲ့ပေမဲ့၊ နာရီပိုင်းအကြာမှာပဲ သေဆုံးသွားခဲ့ပါတယ်။
သစ်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုမှာ ထရပ်ကားမောင်းသူအဖြစ် အလုပ်လုပ်ခဲ့တဲ့ Trapeznikov ကို သူ့ရဲ့ ကိုယ်ပိုင်လေယာဉ်ပျံတွေနဲ့ ရဟတ်ယာဉ်တွေ တည်ဆောက်နိုင်တဲ့ အရည်အချင်းကြောင့် ဒေသခံတွေက သတိတရရှိနေခဲ့ကြပါတယ်။
သူဟာ ၁၉၈၅ ခုနှစ်တုန်းက ကိုယ်တိုင်တည်ဆောက်ထားတဲ့ လေယာဉ်ကို အောင်မြင်စွာ ပျံသန်းနိုင်ခဲ့တာကြောင့် ရုပ်ရှင်တိုနဲ့ သတင်းတွေမှာတောင် ပါဝင်ခဲ့ဖူးပါတယ်။ လေယာဉ်ပျံသန်းမှုကို ဝါသနာပါတဲ့ Trapeznikov ဟာ သူရဲ့ဘဝတစ်လျှောက်လုံးမှာ လေယာဉ်နဲ့ ရဟတ်ယာဉ် စုစုပေါင်း ၅ စီး အထိ တည်ဆောက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
Ref, NY Post
