
နေမိုး
၂. ၈. ၂၀၂၅
မန္တလေးတိုင်းဒေသကြီးမှ ကမ္ဘာ့ယဥ်ကျေးမှုအမွေအနှစ်ဒေသတည်ရှိရာ ပုဂံညောင်ဦးဒေသ၊ ဆည်ရွာအထက်တန်းကျောင်းခွဲမှ လက်နက်မဲ့ မူလတန်းပြကျောင်းဆရာမကို ဆိုင်ကယ်သုံးစီးဖြင့်ရောက်လာသည့် PDF များက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ယမန်နေ့က ဖြစ်ပွားခဲ့သည်။
ဖြစ်စဥ်မှာ ဩဂုတ်လ ၁ ရက်နေ့ နံနက် ၈ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ဆည်ရွာကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဩဂုတ် ၁ ရက်သို့ကူးပြောင်းစ ဇူလိုင်လ ၃၁ ရက်နေ့ ည ၁၂ နာရီခွဲတွင် အဆိုပါကျေးရွာနေ ဆည်ရွာကျေးရွာအခြေခံပညာ အထက်တန်းကျောင်းခွဲမှ လက်နက်မဲ့သာမန်ဝန်ထမ်းဖြစ်သော မူလတန်းပြကျောင်းဆရာမဖြစ်သူ ဒေါ်ဝါဝါမိုး(၄၀)နှစ်သည် နေအိမ်၌ ရှိနေစဉ် PDF များက ဆိုင်ကယ်သုံးစီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်သွားခဲ့သဖြင့် ဒေါ်ဝါဝါမိုးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
ယခုနှစ် ဇန်နဝါရီ ၅ ရက်တွင် ညောင်ဦး PDF အဖွဲ့ဖြစ်သော ပုဂံပြည်ဘီလူးတပ်မှ PDF များက ကမ္ဘာ့ယဥ်ကျေးမှုအမွေအနှစ်ဒေသဖြစ်သော ပုဂံညောင်ဦးဒေသအတွင်း NUG ခိုင်းစေချက်နှင့်အညီ စစ်ဆင်ရေးလုပ်ဆောင်မည်ဟုကြေညာကာ ပြီးခဲ့သည့်ခြောက်လအတွင်း လက်နက်မဲ့ပြည်သူများစွာကို သတ်ဖြတ်လုယက်ခြင်းနှင့် ဆယ်တန်းပြန်ဖြေမည့် ကျောင်းသားကျောင်းသူကိုးဦးနှင့် မိသားစုများကို တပ်မတော်က စောင့်ရှောက်ပေးထားသည့်ကြားမှ ပြန်မဖြေအောင် ခြိမ်းခြောက်မှုပြုသည့်အဆုံး ဇွန်လ ၃၀ ရက်မှ ဇူလိုင် ၂ ရက်အထိ စစ်ကြောင်းထိုးရှင်းလင်းရာ ပုဂံပြည်ဘီလူးတပ်မှ PDF ငါးဦးအပါအဝင် PDF ၁၁ ဦး သေဆုံးသွားခဲ့သည်။ ထိုသို့ ညောင်ဦး PDF အများအပြား သေဆုံးမှုကြောင့် နိုင်ငံ့ဝန်ထမ်း လက်နက်မဲ့သူများကို ဇူလိုင်လနှင့် ယခုလအတွင်း လိုက်လံဖမ်းဆီး သတ်ဖြတ်မှုများ ပုဂံပြည်ဘီလူးတပ်အပါအဝင် ညောင်ဦး PDF တို့က ကျူးလွန်နေကြသည်။
နွေဦးတော်လှန်ရေးစတင်ချိန်မှ ယခုအချိန်အထိ ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင် ဆရာဆရာမ၊ နိုင်ငံ့ဝန်ထမ်း ၁၂၀၀ ခန့်အပါအဝင် ပြည်သူ ၁၀၀၀၀ ခန့်မှာ “ဒလန်၊ သူလျှို၊ သတင်းပေး၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, CRPH, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရသည်။
