
၂. ၈. ၂၀၂၅
Written by Nyein Kyaw
တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို ကျင်းပပေးသွားမည်ဖြစ်၍ တပ်မတော်သားအားလုံး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရန် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့တွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်ထားရှိမှု အခြေအနေများအား စစ်ဆေးစဉ် မှာကြားသည်။
မိမိတို့အနေဖြင့် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ကျင်းပပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း၊ တပ်မတော်သားများအားလုံး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ထောင့်တစ်နေရာမှ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးသွားကြရန်လိုကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

မိမိတို့အနေဖြင့် နိုင်ငံရေး၊ တိုင်းရင်းသားရေး၊ စီးပွားရေးတို့တွင် တစ်ပြေးညီ တည်ငြိမ်တိုးတက်မှုရှိစေရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အလားတူ အိမ်နီးချင်းနိုင်ငံများ ဆက်ဆံရေး၊ နိုင်ငံတကာဆက်ဆံရေးများကိုလည်း တည်ငြိမ်ကောင်းမွန်အောင် အောင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
တပ်မတော်သားများ အားလုံးအနေဖြင့် မိမိတို့နိုင်ငံ၏ သမိုင်းကြောင်းများကို သိရှိအောင်လေ့လာပြီး မှန်မှန်ကန်ကန်ဖြင့် သုံးသပ်ဆောင်ရွက်၍ နိုင်ငံကောင်းအောင် ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း၊ တပ်မတော်သားများအနေဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်သည့် တပ်များဖြစ်အောင် ပီပီပြင်ပြင်ဖြင့် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြရန်လိုကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
