၂.၈.၂၀၂၅
Translated by Htwe Ko Tun
ရုရှားနိုင်ငံသမ္မတဗလာဒီမာပူတင်က ရုရှားနိုင်ငံအနေနဲ့ သူ့ရဲ့အသံထက်မြန် ဟိုက်ပါဆိုးနစ် ဒုံးကျည်အသစ်တွေ ထုတ်လုပ်မှုစတင်ခဲ့ပြီဆိုတာ ဩဂုတ်လ ၁ ရက်မှာ ပြောခဲ့ပြီး သူတို့ကို ဒီနှစ်နှောင်းပိုင်းမှာ ဘီလာရုစ်နိုင်ငံမှာ တပ်ချဖို့စီစဉ်ထားတယ်လို့ ထပ်မံအတည်ပြုခဲ့ပါတယ်။
သမ္မတပူတင်ကို ဘီလာရုစ်နိုင်ငံ သမ္မတ အလက်ဇန်းဒါး လူကာရှန်ကိုနဲ့အတူ စိန့်ပီတာစဘတ်မြို့ဗာလမ်ကျွန်းမှာ ထိုင်နေကြတာတွေ့ရပြီး ပူတင်က စစ်ဘက်အနေနဲ့တာလတ်ပစ် Oreshnik တိုက်ချင်း ပစ်ဒုံးပျံတွေအတွက် ဘီလာရုစ်နိုင်ငံအတွင်း ချထားမယ့်နေရာတွေ ရွေးချယ်ခဲ့ပြီလို့လည်း ပြောခဲ့ပါတယ်။
ပူတင်က Oreshnik တိုက်ချင်းဒုံးပျံ ပထမအစုနဲ့ သူတို့ရဲ့စနစ်တွေအားလုံးကို တပ်တော်ဝင်ပြီးပြီဖြစ်လို့ ဒီနှစ်ကုန်ပိုင်းလောက် တပ်ချနိုင်မှာပါလို့ ထပ်မံပြောခဲ့ပါတယ်။
ရုရှားနိုင်ငံက Oreshnik တိုက်ချင်းပစ်ဒုံးပျံနဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်းက ပထမဆုံး စမ်းသပ်ပစ်ခတ်မှုတစ်ရပ်ပြုလုပ်ခဲ့ပါတယ်။
ပူတင်က Oreshnik ရဲ့ စွမ်းဆောင်နိုင်ရည်တွေကို ချီးကျူးခဲ့ပြီး အသံထက်ဆယ်ဆမြန်အရှိန်နဲ့ ပစ်မှတ်ကို ကျဆင်းသွားမယ့် Oreshnik ဒုံးပျံတစ်ခုရဲ့ထိပ်ဖူးတွေဟာ ကြားဖြတ်တိုက်ခိုက်နိုင်စွမ်းတွေရှိမှာဖြစ်သလို နျူကလီယားတိုက်ခိုက်မှုတစ်ခုကိုလည်း ဟန့်တားနိုင်စွမ်းရှိမယ်လို့ပြောခဲ့ပါတယ်။
တစ်ဆက်တည်းမှာပဲ ပူတင်က နေတိုးအုပ်စုဝင်တွေအနေနဲ့ ယူကရိန်းကို ရုရှားနိုင်ငံအတွင်းပိုင်းကို တိုက်ခိုက်ဖို့ သူတို့ရဲ့ တာဝေးပစ်ဒုံးကျည်တွေ ထောက်ပံ့ခွင့်ပြုလာမယ်ဆိုရင် ရုရှားအစိုးရအနေနဲ့လည်း ဒီနေတိုးအုပ်စုဝင်နိုင်ငံတွေကို Oreshnik ဒုံးပျံကို အသုံးပြုတုံ့ပြန်ရလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။
ရုရှား ဒုံးပျံတပ်ဖွဲံ့အကြီးအကဲကလည်း Oreshnik ဒုံးပျံတွေက သမားရိုးကျတိုက်ခိုက်မှုရော နျူကလီးယားထိပ်ဖူးတွေသယ်ဆောင်ပြီးတော့ပါ ပစ်ခတ်နိုင်ပြီး ဥရောပတိုက်တစ်ဝန်းကို ကောင်းစွာရောက်နိုင်တယ်လို့ ပြောခဲ့ပါတယ်။
Oreshnik တာလတ်ပစ်တိုက်ချင်းပစ်ဒုံးပျံတွေက ကီလိုမီတာ ၅၀၀ မှ ကီလိုမီတာ ၅,၅၀၀(မိုင် ၃၁၀ မှ မိုင် ၃,၄၀၀) အကွာအဝေးထိ ရောက်ရှိပစ်ခတ်နိုင်ပြီး အမေရိကန်နဲ့ ရုရှားတို့ ၂၀၁၉ ခုနှစ်အတွင်း ပယ်ဖျက်စွန့်လွှတ်ခဲ့ကြတဲ့ ဆိုဗီယက်ပြည်ထောင်စုခေတ်ကစာချုပ်အရတော့ ပိတ်ပင်ခံထားရတာပါ။
Ref- Chronicle

