၂. ၈. ၂၀၂၅
Written by Thettant
အမျိုးသမီးများကို တရုတ်မယားအဖြစ် ရောင်းစားကြသည့် တရုတ်နိုင်ငံသား သုံးဦးအပါအဝင် လူ ၇ ဦးကို စစ်ခုံရုံးက ထောင်ဒဏ်တစ်သက်ချမှတ်လိုက်ကြောင်း သိရသည်။
ဖြစ်စဉ်များမှာ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ် နဝဒေးအိမ်ရာနေ သူဇာစိုး(ခ) သူသူနှင့် ခင်ပွန်းဖြစ်သူ တရုတ်နိုင်ငံသားရီဘော် (YIBO)တို့က ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာ မြို့နယ်နေ မ—–၊ ၂၆/၂၀၂၅ နှစ်နှင့် မ—–၊ ၂၂/၂၀၂၅ နှစ်တို့ကို တရုတ်အမျိုးသားနှင့် လက်ထပ်ပေါင်းသင်းနေထိုင်ပါက မိဘများအား ထောက်ပံ့ပေးနိုင်မည်ဟု စည်းရုံးပြောဆိုပြီး တရုတ်နိုင်ငံသား ချောင်ချုံးချွင်(Cao Qiu Quan)၊ ချန်ဟွမ့်(Chen Huan) ဆိုသူတို့နှင့် ငွေကျပ်သိန်း ၁၂၀ ဖြင့် တောင်းရမ်းလက်ထပ်ထိမ်းမြားပေးကာ သူဇာစိုး ငှားရမ်းနေထိုင်သည့် နဝဒေးအိမ်ရာ၌ အိမ်ခန်းတစ်ခန်းစီတွင် ပေါင်းသင်းနေထိုင်စေပြီး တရုတ်နိုင်ငံသို့ ခေါ်ဆောင်ရန် စီစဉ်ဆောင်ရွက်ခဲ့သဖြင့် လှိုင်သာယာ(အရှေ့ပိုင်း)မြို့မရဲစခန်း (ပ) ၂၆၆/၂၀၂၅၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/ ၄၄ ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ပြီး ဇူလိုင် ၂၉ ရက်တွင် စစ်ခုံရုံးအဖွဲ့(၃၈)၊ စစ်ခုံရုံးဥက္ကဋ္ဌက တရားခံ သူဇာစိုး(ခ) သူသူ၊ တရုတ်နိုင်ငံသားရီဘော်(YIBO)၊ ချောင်ချုံးချွင် (Cao Qiu Quan)နှင့် ချန်ဟွမ့်(Chen Huan)တို့ကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ ထောင်ဒဏ်တစ်သက်ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်နေ ဇော်မင်းလှ(ခ)ရဖစ်နှင့် ဇနီးဖြစ်သူ ယွန်းကာရံချိုတို့က ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်နေ မ—–၊ ၂၀/ ၂၀၂၅ နှစ်အား လူမှုကွန်ရက် Tik Tok ၌ @Baby 31.0 အကောင့်မှတစ်ဆင့် ပြည့်တန်ဆာလုပ်ကိုင်ပါက တစ်ညလျှင် ငွေကျပ်နှစ်သိန်းရမည်၊ တရုတ်နိုင်ငံသို့သွားရောက်၍ တရုတ်မယားလုပ်ကိုင်ပါက ငွေကျပ် သိန်း ၇၀ ရမည်၊ လစဉ်ငွေကျပ် ၁၀ သိန်းရမည်ဟု စည်းရုံးပြောဆို၍ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်ရှိ နေအိမ်သို့ ခေါ်ယူစုဆောင်းခဲ့ပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ကာ တရုတ်ယောကျ်ားထံရောင်းစား၍ ငွေကြေး အကျိုးအမြတ်များ ခေါင်းပုံဖြတ်ရယူရန် စီစဉ်ဆောင်ရွက်ခဲ့ကြသဖြင့် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် သောင်ကြီးနယ်မြေရဲစခန်း (ပ) ၅၈၃/ ၂၀၂၅၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/ ၄၄ ဖြင့် အမှုရေးဖွင့် တရားစွဲတင်ခဲ့ပြီး ဇူလိုင်၂၉ ရက်တွင် စစ်ခုံရုံးအဖွဲ့(၄၀)၊ စစ်ခုံရုံး ဥက္ကဋ္ဌက တရားခံဇော်မင်းလှ(ခ)ရဖစ်နှင့် ယွန်းကာရံချိုတို့ကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅အရ ထောင်ဒဏ်တစ်သက်ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်နေ စံပယ်ချိုက ရန်ကုန်တိုင်း ဒေသကြီး လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်နေ မ—–၊ ၁၅/၂၀၂၅ နှစ်အား လူမှုကွန်ရက် Tik Tok မှ တစ်ဆင့် တရုတ်နိုင်ငံရှိ ငါးစက်ရုံနှင့် ဆေးလိပ်စက်ရုံတို့တွင် သွားရောက်အလုပ်လုပ်ကိုင်ပါက တစ်လလျှင် ယွမ် ၃၅၀၀ မှ ၄၀၀၀ ခန့်အထိရမည်၊ သွားရောက်လုပ်ကိုင်လိုပါက လာရောက်ခေါ်ဆောင်ပေးမည်ဟု စည်းရုံးပြောဆိုပြီး လိပ်စာတူနေ ဇော်မင်းလှ(ခ)ရဖစ်နှင့် ဇနီးဖြစ်သူ ယွန်းကာရံချိုတို့၏ အစီအစဉ်ဖြင့် ရန်ကုန်မှ မြစ်ကြီးနားမြို့သို့ ပို့ဆောင်ခဲ့ကြောင်း၊ မြစ်ကြီးနားမြို့တွင် အောင်ဆန်းက လာရောက်ခေါ်ဆောင်ပြီး ကံပိုင်တည်မြို့ တရားမဝင်လမ်းကြောင်းမှတစ်ဆင့် တရုတ်နိုင်ငံ ကွမ်းတုံပြည်နယ်ရှိ တရုတ်အမျိုးသား ရှောမန်ဆိုသူ၏နေအိမ်သို့ တရုတ်မယားအဖြစ် ပို့ဆောင်ရောင်းစားခဲ့ကြောင်း စိစစ်တွေ့ရှိရသဖြင့် ဇော်မင်းလှ(ခ)ရဖစ်ပါ လေးဦးကို လှိုင်သာယာ (အရှေ့ပိုင်း)မြို့မရဲစခန်း(ပ) ၃၈၅/ ၂၀၂၅၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈ (က)ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ပြီး ဇူလိုင် ၂၉ ရက်တွင် စစ်ခုံရုံးအဖွဲ့(၄၀)၊ စစ်ခုံရုံးဥက္ကဋ္ဌက ဖမ်းမိတရားခံ ဇော်မင်းလှ(ခ)ရဖစ်၊ ယွန်းကာရံချိုနှင့် စံပယ်ချိုတို့အား လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က)အရ ထောင်ဒဏ်တစ်သက်ကျခံစေရန် အမိန့် ချမှတ်ခဲ့ကြောင်း သိရသည်။
အထက်ပါ ဖြစ်စဉ်များအပြင် မကွေးတိုင်းဒေသကြီး အောင်လံမြို့ နေ သူသူဝင်း(ခ)မသူနှင့် ခင်ပွန်းဖြစ်သူ မြင့်အောင်တို့က တစ်မြို့တည်းနေ မ—–၊ ၁၇/၂၀၂၅ နှစ် နှင့် မ—–၊ ၂၄/၂၀၂၅ နှစ်တို့ကို တရုတ်ဇနီးမယားအဖြစ် လုပ်ကိုင်ပါက ငွေကျပ် သိန်း ၈၀ ရမည်၊ ကလေးမွေးပေးရမည်၊ တစ်နှစ်စာချုပ်ချုပ်ရမည်၊ တစ်နှစ်ပြည့်ပါက ပြန်ခေါ်ပေးမည်ဟု စည်းရုံးပြောဆိုပြီး တရုတ် နိုင်ငံသို့ပို့ဆောင်ကာ တရုတ်ယောက်ျားထံ ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့ကြသဖြင့် ပြည်ကြီးတံခွန်မြို့မ ရဲစခန်း (ပ) ၈၃/ ၂၀၂၅၊ လူကုန်ကူးမှုတားဆီးနှိမ်နင်း ရေးဥပဒေပုဒ်မ ၃၅/ ၄၄ ဖြင့် အမှုရေးဖွင့် တရားစွဲတင်ခဲ့ပြီး ဇူလိုင် ၃၀ ရက်တွင် မဟာအောင်မြေခရိုင်တရားရုံးမှ ဖမ်းမိတရားခံ သူသူဝင်း(ခ)မသူကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့် ထောင်ဒဏ်တစ်ဆယ်နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး တရားခံမြင့်အောင်ကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၈၇/ ၈၈ အတည်ပြုထုတ်ဆင့်ခဲ့ကြောင်း သိရသည်။
