၃၀.၇.၂၀၂၅
Written by Hey Mar
ပဲခူးမြို့က အသက် ၁၄ နှစ်အရွယ် ၇ တန်း ကျောင်းသားကို ပြန်ပေးဆွဲသတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်မှ တရားခံတွေကို ပဲခူးခရိုင် တရားရုံးက မသေမချင်း လည်ပင်းကြိုးကွင်းစွပ်သတ်စေဆိုတဲ့ သေဒဏ်ကျခံစေဖို့ ဒီနေ့အမိန့်ချမှတ်ခဲ့တယ်လို့ သက်ဆိုင်ရာတာဝန်ရှိသူထံကနေ သိရပါတယ်။
ဒီအမှုက ပြီးခဲ့တဲ့ မေလ ၂၀ ရက်နေ့က ပဲခူးမြို့မှာ ဖြစ်ပွားခဲ့တဲ့ ၇ တန်းကျောင်းသား မောင်သက်နိုင်မင်းကို အိမ်ဘေး ကပ်လျက်နေထိုင်သူက လိမ်ညာလှည့်ဖြားခေါ်ဆောင်ကာ မိဘတွေထံ ငွေညှစ်ရာက မအောင်မြင်ခဲ့လို့ ကလေးကို သတ်ခဲ့တဲ့ အမှုဖြစ်စဉ်ဖြစ်ပြီး ဖြစ်စဉ် ဖြစ်ပွားပြီး ၂ လကျော်အကြာမှာ စီရင်ချက် ချမှတ်ခဲ့တဲ့အမှုလည်း ဖြစ်ပါတယ်။
ကျူးလွန်သူ တရားခံ သုံးဦးအနက် တရားခံ နိုင်အောင်ဖြိုးက ပြီးခဲ့တဲ့မေလ ၂၈ ရက်မှာပဲ စခန်းမှာ ထိန်းသိမ်းစစ်ဆေးနေစဉ် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ ပဲခူးဆေးရုံကြီးမှာ သေဆုံးခဲ့ပါတယ်။ ကျန်တဲ့ တရားခံနှစ်ဦးဖြစ်တဲ့ အောင်ကျော်ဇောနဲ့ တရားခံ ဟိန်းလတ်(ခ)အောင်ဟိန်းတို့ နှစ်ဦးကို ပြစ်မှုကျူးလွန်ကြောင်းထင်ရှားလို့ ပြစ်ဒဏ်များ အသီးသီးချမှတ်ခဲ့ရာမှာ တရားခံ အောင်ကျော်ဇောကို ရာဇသတ်ကြီး ပုဒ်မ ၃၆၄ အရ အလုပ်နှင့်ထောင်ဒဏ် (၂၀)နှစ် (နှစ်ဆယ်-နှစ်) ကျခံစေရန် နဲ့ ပုဒ်မ ၃၀၂(၁)(ခ)အရ မသေမချင်း လည်ပင်းကြိုးကွင်းစွပ်၍ သတ်စေရန် သေဒဏ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ပါတယ်။
အလားတူ တရားခံ ဟိန်းလတ်(ခ)အောင်ဟိန်းအား ရာဇသတ်ကြီး ပုဒ်မ ၃၆၄ အရ အလုပ်နှင့်ထောင်ဒဏ် (၂၀)နှစ်(နှစ်ဆယ်နှစ်)ကျခံစေရန်နဲ့ ပုဒ်မ ၃၀၂(၁)(ခ)/၁ဝ၉ အရ မသေမချင်းလည်ပင်း ကြိုးကွင်းစွပ်၍ သတ်စေရန် သေဒဏ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ပါတယ်။
အဆိုပါ တရားခံသုံးဦးမှ ရဲကို ထွက်ဆိုချက် ပြစ်မှုရေးဖွင့်တဲ့ စာပါ အချက်အလက်တချို့မှာတော့ မိဘထံမှ အကြပ်ကိုင်ငွေညှစ်လိုသဖြင့် ပြန်ပေးဆွဲပြုလုပ်ခဲ့ရာက အသက် ၁၄ နှစ်အရွယ် ၇ တန်းကျောင်းသားတစ်ဦး သေဆုံးကြောင်း၊ အဆိုပါ သေဆုံးသူမှာ သူငယ်ချင်းတွေနဲ့အတူ နေအိမ်ရှေ့ ဘောလုံးကန်နေစဉ် ဘေးအိမ်မှ နိုင်အောင်ဖြိုးက “မင်းတို့ဘောလုံးမကောင်းတော့ဘူး ဘောလုံးအကောင်းတစ်လုံး မဟာစေတီဘုရားနားက သီဟိုဠ်တောထဲမှာ ငါတွေ့ထားတယ် လိုချင်ရင် လိုက်ယူ”လို့ ပြောကာ ဆိုင်ကယ်နဲ့ခေါ်ဆောင်သွားခဲ့ကြောင်း၊ နိုင်အောင်ဖြိုးက မောင်သက်နိုင်မင်းကို ဘောလုံးသွားယူမယ်လို့ လိမ်လည်လှည့်ဖျားကာ မြို့ရှောင်လမ်းအတိုင်း ဆိုင်ကယ်နဲ့ မဇင်းဆည်အနီး ခေါ် ဆောင်သွားခဲ့ပြီး “ခဏနေရင် ပြန်လာမယ် စောင့်နေ” လို့ပြောခဲ့ကာ အသင့်ယူဆောင်လာတဲ့ ပီနံအိတ်ခွံနဲ့ နိုင်လွန်ကြိုးတစ်ချောင်းကိုလည်း မောင်သက်နိုင်မင်းကို ပေးထားခဲ့ကြောင်း စသဖြင့် သိရပါတယ်။
သက်ဆိုင်ရာတာဝန်ရှိသူတွေက နိုင်အောင်ဖြိုး ဆိုင်ကယ်နဲ့ သွားလာခဲ့တဲ့ လမ်းကြောင်းအတိုင်း CCTV တပ်ဆင်ထားတဲ့ နေအိမ်နဲ့ ဆိုင်တွေဆီ လိုက်လံစစ်ဆေးကြည့်ရှုရာ နိုင်အောင်ဖြိုးက အခင်းဖြစ်တဲ့နေ့မှာ ညီအစ်ကိုဝမ်းကွဲတော်စပ်သူ အောင်ကျော်ဇော(ခ)ကျော်ကြီး (၃၂)နှစ်၊ မဇင်းတိုးချဲ့(၂)ရပ်ကွက်နေသူနဲ့အတူ လက်ဖက်ရည်ဆိုင်ထိုင်ခဲ့တာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။ အဲဒီနောက် ထိုသူကိုပါ သူနဲ့အတူ ခေါ်ယူကာ မောင်သက်နိုင်မင်းထံပြန်လည်သွားရောက်ပြီး သူပေးခဲ့တဲ့ နိုင်လွန်ကြိုး၊ ပီနံအိတ်ခွံနဲ့ မဇင်းဆည်အနီးမှာ မောင်သက်နိုင်မင်းရဲ့ ခြေလက်တွေကို ကြိုးတုပ်ချည်နှောင်ခဲ့သလို လည်ပင်းကိုလည်း အဆိုပါကြိုးနဲ့ ထပ်မံရစ်ပတ်ချည်နှောင်ကာ မျက်နှာကို ပီနံအိတ်စွပ်ခဲ့ကြတယ်လို့ ထွက်ဆိုကြောင်း သိရှိရပါတယ်။
မောင်သက်နိုင်မင်းက ရုန်းကန်အော်ဟစ်တာကြောင့် လည်ပင်း၊ ကျောကုန်းနဲ့ခြေထောက်တို့ကို နင်းပြီး ကြိုးကို ပိုမိုတင်းကြပ်အောင် ဆွဲတင်းခဲ့ကာ ထိုးကြိတ် ကန်ကျောက်တာတွေ ပြုလုပ်ခဲ့ရာက မောင်သက်နိုင်မင်းမှာ ခေါ်မရတော့ဘဲ သေဆုံးသွားခဲ့တာကြောင့် အလောင်းကို အနီးရှိချုံတောထဲမှာ ပစ်ထားခဲ့ပြီး ချုံတောအတွင်း ရှိနေတဲ့ ကာကီရောင် မိုးကာနဲ့ ဖုံးအုပ်ထားခဲ့ကြကြောင်း ဝန်ခံထွက်ဆိုခဲ့ကြတယ်လို့ သိရပါတယ်။
တရားခံ ဟိန်းလတ် (ခ) အောင်ဟိန်းကတော့ ဖြစ်စဉ်တွေကို အစအဆုံး သိရှိပေမယ့် သက်ဆိုင်ရာကို ဆက်သွယ်သတင်း ပေးပို့ခြင်းမရှိဘဲ ထိန်ချန်ထားသလို ၎င်းကို ဆက်လက်စစ်ဆေးရာမှာ ပြစ်မှုထင်ရှားလို့ အခုလို့ စီရင်ချက် ချမှတ်ခဲ့တာလို့လည်း သိရပါတယ်။




