
၃၀. ၇. ၂၀၂၅
Translated by Thettant
ထိုင်းနိုင်ငံအလယ်ပိုင်း ဆူဖန်ဘူရီပြည်နယ်မှာ ဒီကနေ့ ဇူလိုင် ၃၀ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ မီးရှူးမီးပန်းစက်ရုံငယ်တစ်ခု ပေါက်ကွဲမှုမှာ အနည်းဆုံး လူ ၁၀ ဦး သေဆုံးခဲ့တယ်လို့ ကနဦး သိရပေမဲ့ သေဆုံးသူစုစုပေါင်းအရေအတွက်ကိုတော့ စုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်။
ပေါက်ကွဲစေတတ်တဲ့ပစ္စည်း ရှင်းလင်းရေး (EOD) အရာရှိတွေဟာ မွန်းလွဲ ၁၁ နာရီလောက်မှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုအကြောင်း သတင်းပေးပို့ချက်ရပြီးနောက် ဆူဖန်ဘူရီခရိုင်၊ မူအန်းမြို့နယ်၊ ဘန်ဖို ရပ်ကွက်ရှိ နေအိမ်နှစ်လုံးကို စစ်ဆေးနေပါတယ်။ အဆိုပါနေအိမ်နှစ်လုံးကို တရားမဝင် မီးရှူးမီးပန်းစက်ရုံငယ်အဖြစ် ပြောင်းလဲထားတာလို့ သိရပါတယ်။
ဒေသခံတွေရဲ့ ပြောကြားချက်အရ အဆိုပါစက်ရုံက ထိုင်းတောင်သူတွေ ငှက်တွေကို ခြောက်လှန့်ဖို့ အများအားဖြင့် အသုံးပြုတဲ့ မီးရှူးမီးပန်းလုံးလေးတွေကို ထုတ်လုပ်နေတာ ဖြစ်ပါတယ်။ ပေါက်ကွဲမှုမဖြစ်ပွားခင် ဘာအသံမှ မကြားရဘဲ ကျယ်လောင်တဲ့ ပေါက်ကွဲသံတစ်ခုသာ ကြားခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ThaiRath သတင်းဌာနရဲ့ ဖော်ပြချက်အရ နေအိမ်နှစ်လုံးစလုံး လုံးဝပျက်စီးသွားပြီး လူ့ခန္ဓာကိုယ်အပိုင်းအစတွေကို အပြင်ဘက်မှာ ပြန့်ကြဲနေတာ တွေ့ရှိခဲ့ရပါတယ်။ အိမ်တစ်လုံးရှေ့မှာ ရပ်ထားတဲ့ ကားတစ်စီးလည်း ပျက်စီးသွားပါတယ်။ အိမ်နီးချင်းတွေကတော့ ပေါက်ကွဲမှုဒဏ်ကြောင့် သူတို့ရဲ့အိမ်တွေပါ တုန်ခါသွားတယ်လို့ ပြောပါတယ်။
EOD အရာရှိတွေက အခင်းဖြစ်ပွားရာနေရာမှာ လူ ၉ ဦး သေဆုံးပြီး တစ်ဦးကတော့ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း နောက်ပိုင်းမှာ အတည်ပြုခဲ့ပါတယ်။ ဒါပေမဲ့ Matichon သတင်းဌာနကတော့ ဒဏ်ရာရရှိသူ ၂ ဦးရှိတယ်လို့ ဖော်ပြခဲ့တာကြောင့် အစောပိုင်း သေဆုံး/ဒဏ်ရာရရှိမှု စာရင်းမှာ ကွာဟမှုတွေ ရှိနေပါတယ်။ Thai Enquirer သတင်းဌာနကတော့ အလောင်းကိုးလောင်းနဲ့ ဒဏ်ရာရသူနှစ်ဦး ဆေးရုံရောက်လာပြီး ဒဏ်ရာရသူတစ်ဦး ထပ်မံသေဆုံးသွားတာကြောင့် ဆယ်ဦးသေဆုံးတယ်လို့ ဖော်ပြခဲ့ပါတယ်။
အဆိုပါနေအိမ်တွေကို မီးရှူးမီးပန်းစက်ရုံအဖြစ် လုပ်ကိုင်နေကြောင်း ဒေသခံတွေရဲ့ ပြောကြားချက်နဲ့အညီ အရာရှိတွေက အတည်ပြုခဲ့ပေမယ့် လုပ်ငန်းပိုင်ရှင်ကတော့ ဒီလိုလုပ်ငန်းမျိုးအတွက် ခွင့်ပြုချက် သို့မဟုတ် လိုင်စင် လုံးဝမယူထားဘူးလို့ ဆိုပါတယ်။

အနီးနားက ဒေသခံတွေရဲ့ ဘေးကင်းလုံခြုံရေးကို သေချာစေဖို့အတွက် ကျန်ရှိနေတဲ့ မီးကို ငြှိမ်းသတ်ဖို့ အရာရှိတွေက ဆောင်ရွက်နေပါတယ်။ ပေါက်ကွဲရခြင်းအကြောင်းရင်းကို ရှာဖွေဖို့အတွက် အပြည့်အစုံ စုံစမ်းစစ်ဆေးနေပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလကလည်း ဆူဘန်ဖူရီပြည်နယ်၊ ဆူအန်းတန်းခရိုင်ခွဲက မီးရှူးမီးပန်းစက်ရုံတစ်ခု ပေါက်ကွဲမှုကြောင့် လူ ၂၃ ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ပါသေးတယ်။ ဒေသခံတွေကတော့ မီးရှူးမီးပန်းနဲ့ပတ်သက်တဲ့ ပေါက်ကွဲမှုတွေ နှစ်စဉ်နှစ်တိုင်း အကြိမ်ပေါင်းများစွာ ဖြစ်ပွားနေတာကြောင့် နောက်ထပ် ပေါက်ကွဲမှုတွေ ထပ်မံဖြစ်ပွားလာမှာကို စိုးရိမ်ကြောင်း ThaiRath သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
Ref ., Thaiger, Thai PBS & Thai Enquirer
