၃၀. ၇. ၂၀၂၅
Translated by Tha Doe
အမေရိကန် အထက်လွှတ်တော်အမတ်တစ်ဦးက အမေရိကန်နိုင်ငံသားများကို လိမ်လည်ရန်အတွက် SpaceX ကုမ္ပဏီ၏ Starlink ဂြိုဟ်တုအင်တာနက်ဝန်ဆောင်မှုကို အရှေ့တောင်အာရှမှ အွန်လိုင်းလိမ်လည်မှု ကျားဖြန့်မှုခင်းကျူးလွန်နေသူများ အသုံးမပြုနိုင်အောင် ပိတ်ဆို့ရန် SpaceX ကုမ္ပဏီ၏ CEO ဖြစ်သူ ဘီလျံနာ Elon Musk ကို တိုက်တွန်းလိုက်သည်။
Reuters သတင်းဌာန၏ ဖော်ပြချက်အရ အထက်လွှတ်တော်အမတ် Maggie Hassan (ဒီမိုကရက်ပါတီ၊ နယူးဟမ်ရှိုင်းယားပြည်နယ်) က Musk ထံသို့ ပေးပို့သည့် စာတစ်စောင်တွင် မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့တွင် အခြေစိုက်သည့် အွန်လိုင်းလိမ်လည်မှုဂိုဏ်းများက Starlink ကို အသုံးပြုနေကြောင်း မကြာသေးမီက ထွက်ပေါ်လာသည့် သတင်းများအကြောင်း သတိပေးခဲ့သည်ဟု ဇူလိုင် ၂၉ ရက်သတင်းများက ဖော်ပြသည်။
ထိုကဲ့သို့သော ဂိုဏ်းများသည် “အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများအတွက် Starlink အင်တာနက်အသုံးပြုခွင့်ကို ဖြတ်တောက်ရန် ခွင့်ပြုထားသည့် ဝန်ဆောင်မှုစည်းမျဉ်းများ ရှိနေသော်လည်း ဆက်လက်အသုံးပြုနေသည်” ဟု Hassan က Musk ထံပေးပို့သည့် စာတွင် ရေးသားထားကြောင်း Reuters သတင်းက ဖော်ပြသည်။
ထို့ပြင် SpaceX သည် “အမေရိကန်နိုင်ငံသားများကို ပစ်မှတ်ထားတိုက်ခိုက်ရန်အတွက် ရာဇဝတ်သားများ၏ Starlink အင်တာနက် ဝန်ဆောင်မှုအသုံးပြုခွင့်ကို ပိတ်ပင်ရန် တာဝန်ရှိသည်” ဟုလည်း သူမက ထပ်လောင်းပြောကြားခဲ့သည်။
ထို့နောက် Hassan က Reuters သတင်း၏ ဖန်သားပြင်ပုံကို လူမှုကွန်ရက်ပေါ်တွင် တင်ကာ SpaceX ကုမ္ပဏီကို လူသိရှင်ကြား အရေးယူဆောင်ရွက်ရန် တောင်းဆိုခဲ့သည်။ Musk ထံသို့ ပေးပို့သည့် စာတွင်လည်း Hassan က အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ငွေကြေးပြစ်မှု စုံစမ်းထောက်လှမ်းရေးကွန်ရက် (Financial Crimes Enforcement Network) မှ ထုတ်ပြန်ထားသော စာရင်းအင်းများကို ကိုးကားပြီး အရှေ့တောင်အာရှအခြေစိုက် လိမ်လည်မှုလုပ်ငန်းများသည် အမေရိကန်နိုင်ငံသားများထံမှ ဒေါ်လာဘီလျံနှင့်ချီ၍ လိမ်လည်ခဲ့ကြောင်း ဖော်ပြခဲ့သည်။
ကိုဗစ်-၁၉ ကပ်ရောဂါ ကုန်ဆုံးသွားပြီးနောက်ပိုင်းတွင် အများအားဖြင့် တရုတ်နိုင်ငံသား ရာဇဝတ်ဂိုဏ်းများသည် အရှေ့တောင်အာရှနိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံတို့တွင် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းဌာနချုပ်များကို အခိုင်အမာ တည်ထောင်ခဲ့သည်။ လိမ်လည်မှုလုပ်ငန်းများအတွက် ဖွဲ့စည်းတည်ထောင်ထားသော ထို ကျားဖြန့်စခန်းများသည် “ရာဇဝတ်ဂိုဏ်းများက အလုပ်အကိုင်ရရှိရေး ကတိကဝတ်များဖြင့် ဆွဲဆောင်ခဲ့ပြီးနောက် ဖမ်းဆီးချုပ်နှောင်ကာ ရိုက်နှက်နှိပ်စက်ခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းတို့ကို ခံစားရစေပြီး အမျိုးမျိုးသော ဒစ်ဂျစ်တယ်လိမ်လည်မှုများကို အတင်းအဓမ္မ လူကုန်ကူး ခိုင်းစေခံရသည့် သာမန်ပြည်သူများဖြစ်သော ကန့်သတ်ထားသည့် အလုပ်သမားအင်အားစုပေါ်တွင် အဓိက မှီခိုနေသည်”ဟု Amnesty International က မကြာသေးမီက ထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် အသေးစိတ်ဖော်ပြထားသည်။ ပြီးခဲ့သည့် ဧပြီလတွင် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံးက ၂၀၂၃ ခုနှစ်တွင် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများကြောင့် ဆုံးရှုံးခဲ့သော ငွေကြေးမှာ ကမ္ဘာတစ်ဝှမ်းတွင် ဒေါ်လာ ၃၇ ဘီလျံနီးပါးရှိခဲ့ကြောင်း ခန့်မှန်းခဲ့သည်။
Starlink သည် ရာဇဝတ်မှုဆိုင်ရာ လုပ်ငန်းများကို မရည်ရွယ်ဘဲ ပံ့ပိုးကူညီနေသည်ဆိုသည့် Hassan ၏ ပြောကြားချက်သည် မှားယွင်းခြင်းမရှိပေ။ Starlink ဝန်ဆောင်မှုသည် ဒေသ၏ ဝေးလံခေါင်ဖျားသော ဒေသများတွင် အထူးသဖြင့် မြန်မာနိုင်ငံရှိ သူပုန်အဖွဲ့များ ထိန်းချုပ်ထားသော နယ်မြေများတွင် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများကို တည်ထောင်ရန် ရာဇဝတ်ဂိုဏ်းများကို ခွင့်ပြုပေးထားသည်။ အင်တာနက်ကို ဒေသအများစုတွင် အလွယ်တကူရနိုင်သော်လည်း Starlink စက်များသည် သယ်ဆောင်ရလွယ်ကူသော အင်တာနက်ရွေးချယ်စရာတစ်ခုကို ပေးစွမ်းနိုင်သောကြောင့် အင်တာနက်ဝန်ဆောင်မှု ဖြတ်တောက်ခံရသည့်အခါတွင် လိမ်လည်မှုလုပ်ငန်းများကို လျင်မြန်စွာ ပြောင်းရွှေ့နိုင်စေသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် ထိုင်းအစိုးရသည် အွန်လိုင်းလိမ်လည်မှုစခန်းများကို ပိတ်ပစ်ရန် ကြိုးပမ်းသည့်အနေဖြင့် ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာဘက်ခြမ်းမှ ဒေသသုံးခုကို အင်တာနက်၊ လျှပ်စစ်နှင့် လောင်စာဆီ ပေးပို့မှုများ ဖြတ်တောက်ခဲ့သည်။
Ref , The Diplomat




