နေမိုး
၃၀. ၇. ၂၀၂၅
စဉ့်ကူးမြို့ကို တိုက်ခိုက်သိမ်းယူသည့် တိုက်ပွဲပြီးနောက် TNLA နှင့် မဟာမိတ်ပြုကာ နယ်မြေချဲ့ထွင်နေသော မန္တလေး PDF (MDY PDF) အဖွဲ့ ထိန်းချုပ်လည်ပတ်နေသည့် လက်ပန်လှရဲစခန်းဟောင်းနေရာကို တပ်မတော်က ယမန်နေ့ညနေစောင်းအချိန် လေကြောင်းတိုက်ခိုက်မှုအတွင်း ၂၂ ဦးသေဆုံးခဲ့သည်ဟု MDY PDF က ယနေ့ အတည်ပြုသည်။
MDY PDF သည် NUG ၏ ပသုံးလုံးရာချီ အသေခံတိုက်ယူပေးထားသော စဉ့်ကူးမြို့ကို ယမန်နှစ် ဇူလိုင်လအတွင်းက သိမ်းယူပြီးနောက် ပြည်သူများကို မြို့အတွင်း အဝင်မခံသလို ပြည်သူ့နေအိမ်များလည်း ဖောက်ထွင်းနေပြီး စဉ့်ကူးမြို့နယ်မှ ရွှေတွင်းများကိုလည်း လက်ဝါးကြီးအုပ်ကာ ထိန်းချုပ်ထားသဖြင့် NUG ၏ ပသုံးလုံးများနှင့် ရွှေတွင်းလက်ဝါးကြီးအုပ်မှုအတွက် လူမှုကွန်ရက်တွင် အငြင်းပွားနေမှု တစ်ပတ်ကျော်အကြာတွင် တပ်မတော်က မြေပြင်သတင်းအရ ယမန်နေ့ ဇူလိုင်လ (၂၉)ရက်နေ့ ညနေပိုင်းတွင် MDY PDF က ထိန်းချုပ်လည်ပတ်နေသည့် စဉ့်ကူးမြို့နယ် လက်ပန်လှကျေးရွာရှိ ရဲစခန်းနှင့် ရွှေပန်တောကျေးရွာတို့အား လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ လက်ပန်လှရဲစခန်းအား လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသား(၂၁)ဦး နှင့် အမျိုးသမီး(၁)ဦး အသက်ဆုံးရှုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူ (၃၀)ဝန်းကျင်ရှိခဲ့သည်ဟု MDY PDF က ပြောသည်။
ထို့အပြင် ရွှေပန်းတောကျေးရွာအား လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၁)ဦး သေဆုံးခဲ့သည်ဟု ပြောသည်။
တပ်မတော်သည် မြို့များကို သိမ်းယူထားသော လက်နက်ကိုင်များနှင့် သယံဇာတခိုးထုတ်နေသော လက်နက်ကိုင်များကို ချေမှုန်းမည်ဟု ယမန်နှစ်ကုန်ပိုင်းနှင့် ယခုနှစ်ဆန်းပိုင်းက သတိပေးပြီးနောက် TNLA နှင့် MDY PDF တို့ ထိန်းချုပ်ထားသော နောင်ချို၊ သပိတ်ကျင်းတို့ကို ယခုလအတွင်း ပြန်လည်တိုက်ခိုက် သိမ်းယူခဲ့သလို ကယားလက်နက်ကိုင်များနှင့် PDF များ ထိန်းချုပ်ထားသော မိုးဗြဲကိုလည်း ယခုလအတွင်း ပြန်လည်တိုက်ခိုက်သိမ်းယူခဲ့သည်။




