၃၀. ၇. ၂၀၂၅
Translated by Thettant
မနေ့က ဇူလိုင် ၂၉ ရက်က တောင်ကိုရီးယားနိုင်ငံ၊ Daejeon မြို့မှာ ဖြစ်ပွားခဲ့တဲ့ ရည်းစားဟောင်းဖြစ်သူ အသက် ၃၀ အရွယ် အမျိုးသမီးကို သတ်ဖြတ်မှုနဲ့ပတ်သက်ပြီး အသက် ၂၀ အရွယ် အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ဒီနေ့ ဇူလိုင် ၃၀ ရက်မှာ ဖမ်းဆီးခဲ့ပါတယ်။
Daejeon Seobu ရဲစခန်းရဲ့ ပြောကြားချက်အရ အမည်မဖော်လိုသူ အမျိုးသားကို လူသတ်မှုနဲ့ အရေးပေါ်ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်ပြီး ဖမ်းဆီးခံရဖို့ မိနစ်ပိုင်းအလိုမှာ အမျိုးသားဟာ ကားပေါ်မှာ အဆိပ်သောက်ဖို့ ကြိုးစားခဲ့ပေမယ့် အသက်အန္တရာယ်တော့ မရှိဘူးလို့ ရဲစခန်းက ဆိုပါတယ်။
အဆိုပါ အမျိုးသားဟာ ဆိုးလ်မြို့တောင်ဘက် ၁၅၈ ကီလိုမီတာအကွာက Daejeon မြို့၊ Goejeong-dong ရပ်ကွက်မှာ အင်္ဂါနေ့ မွန်းတည့်ချိန်ခန့်က ရည်းစားဟောင်းဖြစ်သူကို ဓားနဲ့ထိုးသတ်ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။ ရာဇဝတ်မှုဖြစ်ပွားရာနေရာမှာ အမျိုးသားရဲ့ လက်ကိုင်ဖုန်းနဲ့ CCTV မှတ်တမ်းတွေကို တွေ့ရှိခဲ့ပြီးနောက် ရဲတပ်ဖွဲ့က လိုက်လံရှာဖွေခဲ့တာ ဖြစ်ပါတယ်။ အမျိုးသားဟာ ကားတစ်လှည့်၊ ဆိုင်ကယ်တစ်လှည့်စီးပြီး ၂၄ နာရီလောက် လွတ်မြောက်နေခဲ့ပေမဲ့ နောက်ဆုံးမှာတော့ Daeeon က Sanseong-dong ရပ်ကွက်မှာရှိတဲ့ Jung-gu က မြေအောက်ကားပါကင်မှာ ဒီမနက် ၁၁ နာရီ ၄၅ မိနစ်အချိန်ခန့်မှာ ဖမ်းမိခဲ့တာပါ။
အမျိုးသားဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကတည်းက သေဆုံးသူ အမျိုးသမီးကို ကိုယ်ထိလက်ရောက် ကျူးလွန်မှုနဲ့ တခြားအကြောင်းအရာတွေနဲ့ပတ်သက်ပြီး ရဲစခန်းကို လေးကြိမ်အထိ တိုင်ကြားခံထားရသူ ဖြစ်တယ်လို့ သိရပြီး အသေးစိတ်ကိုတော့ ဆက်လက်စစ်ဆေးနေပါတယ်။
Ref, Yonhap
