၃၀. ၇. ၂၀၂၅
Translated by Thettant
ယနေ့ ဗုဒ္ဓဟူးနေ့ ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၂၅ မိနစ်အချိန်တွင် ရုရှားနိုင်ငံ၏ အရှေ့ဖျား ကမ်ချတ်ကာကျွန်းဆွယ် ကမ်းလွန်ပင်လယ်ပြင်၌ ပြင်းအား ၈ ဒသမ ၈ မဂ္ဂနီကျုရှိသော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ အဆောက်အအုံများ ပျက်စီးခဲ့ပြီး ၄ မီတာ (၁၃ ပေ) အထိ မြင့်မားသော ဆူနာမီလှိုင်းများ ဖြစ်ပေါ်ခဲ့သည်။
ထို့ကြောင့် ပစိဖိတ်သမုဒ္ဒရာတစ်လျှောက် သတိပေးချက်များနှင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းမှုများ ပြုလုပ်ခဲ့ရသည်။
ရုရှား၏ ဝေးလံခေါင်သီသော ဒေသတွင် လူအချို့ ဒဏ်ရာရရှိခဲ့သလို ၂၀၁၁ ခုနှစ်က ပြင်းအားကြီးမားသော ငလျင်နှင့် ဆူနာမီကြောင့် ပျက်စီးခဲ့ဖူးသည့် ဂျပန်နိုင်ငံ၏ အရှေ့ပိုင်းကမ်းရိုးတန်း အများစုကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် အမိန့်ပေးခဲ့သည်။
“ဒီနေ့ ငလျင်က ပြင်းထန်ပြီး ဆယ်စုနှစ်ပေါင်းများစွာအတွင်း အပြင်းထန်ဆုံး တုန်လှုပ်မှုပါပဲ” ဟု ကမ်ချတ်ကာအုပ်ချုပ်ရေးမှူး ဗလာဒီမာ ဆိုလိုဒေါ့ဗ်က တယ်လီဂရမ်တွင် တင်ထားသည့် ဗီဒီယိုတစ်ခု၌ ပြောကြားခဲ့သည်။
ကမ်ချတ်ကာဒေသအချို့တွင် ၃-၄ မီတာ (၁၀-၁၃ ပေ) မြင့်သော ဆူနာမီလှိုင်းများ မှတ်တမ်းတင်ရရှိခဲ့ကြောင်း ဒေသဆိုင်ရာ အရေးပေါ်အခြေအနေဝန်ကြီး ဆာဂေးလေဘက်ဒက်ဗ်က ပြောကြားခဲ့ပြီး ကမ်းရိုးတန်းမှ ဝေးရာသို့ ရွှေ့ပြောင်းရန် လူများကို တိုက်တွန်းခဲ့သည်။
အမေရိကန် ဘူမိဗေဒတိုင်းတာရေးဌာန (U.S. Geological Survey) ၏ ထုတ်ပြန်ချက်အရ ငလျင်သည် ၁၉ ဒသမ ၃ ကီလိုမီတာ (၁၂ မိုင်) နက်သော ကမ်းနီးပင်လယ်ပြင်၌ လှုပ်ခတ်ခဲ့ပြီး လူဦးရေ ၁၆၅,၀၀၀ ရှိသော ပက်ထရိုပါဗလော့ဗ်စက်-ကမ်ချတ်စကီမြို့၏ အရှေ့တောင်ဘက် ၁၁၉ ကီလိုမီတာ (၇၄ မိုင်) အကွာကို ဗဟိုပြုခဲ့ကြောင်း သိရသည်။ ယခင်က ပြင်းအား ၈ ဟု ခန့်မှန်းထားသော ပြင်းအားကို ၈ ဒသမ ၈ အထိ ပြန်လည်ပြင်ဆင်ခဲ့ပြီး မကြာမီ ပြင်းအား ၆ ဒသမ ၉ အဆင့်ရှိသော အင်အားပြင်း နောက်ဆက်တွဲငလျင်တစ်ခုပါ လှုပ်ခတ်ခဲ့ကြောင်း သိရသည်။
ဂျပန်နိုင်ငံ၏ မိုးလေဝသအေဂျင်စီက သတိပေးချက်ကို အဆင့်မြှင့်တင်ခဲ့ပြီး GMT 0100 ခန့်တွင် ၃ မီတာ (၁၀ ပေ) အထိရှိသော ဆူနာမီလှိုင်းများ ကျယ်ပြန့်သော ကမ်းရိုးတန်းဒေသများသို့ ရောက်ရှိလာနိုင်ကြောင်း ပြောကြားခဲ့သည်။
ဂျပန်ပစိဖိတ်ကမ်းရိုးတန်းတစ်လျှောက် မြို့များတွင် ဆူနာမီသတိပေးချက်များ ထွက်ပေါ်လာခဲ့ပြီး အာဏာပိုင်များက မြင့်ရာသို့ ရှောင်တိမ်းရန် လူထုကို တိုက်တွန်းခဲ့သည်။
အများပြည်သူ့ရုပ်သံလွှင့်ဌာန NHK တွင် ပြသသည့် ရုပ်သံဖိုင်များအရ မြောက်ပိုင်း ဟော့ကိုင်းဒိုးကျွန်းရှိ အဆောက်အအုံတစ်ခု၏ ခေါင်မိုးပေါ်တွင် လူအများအပြားက နေရောင်ခြည်ဒဏ်မှ ကာကွယ်ရန် တဲများအောက်တွင် ခိုလှုံနေကြပြီး တံငါလှေများသည် ရောက်ရှိလာနိုင်သည့် လှိုင်းများကြောင့် ဖြစ်နိုင်သော ပျက်စီးဆုံးရှုံးမှုကို ရှောင်ရှားရန် ဆိပ်ကမ်းများမှ ထွက်ခွာသွားသည်ကို ပြသခဲ့သည်။
၂၀၁၁ ဆူနာမီနောက်ပိုင်း နျူကလီးယားဘေးအန္တရာယ်ဖြစ်စေခဲ့သော ဖူကူရှီးမား နျူကလီးယားစက်ရုံ (Fukushima nuclear plant) မှ အလုပ်သမားများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ကြောင်း စက်ရုံလုပ်ငန်းလည်ပတ်သူ TEPCO က ပြောကြားခဲ့သည်။
ယခုအချိန်အထိ ထိခိုက်ဒဏ်ရာရမှု သို့မဟုတ် ပျက်စီးဆုံးရှုံးမှုတစ်စုံတစ်ရာ မရှိသေးကြောင်းနှင့် မည်သည့်နျူကလီးယားစက်ရုံများတွင်မျှ ပုံမှန်မဟုတ်သော အခြေအနေများ မရှိသေးကြောင်း ဂျပန်အစိုးရအဖွဲ့ အကြီးအကဲ ယိုရှိမာဆာ ဟာယာရှီက ပြောကြားခဲ့သည်။
အမေရိကန် ဆူနာမီသတိပေးစနစ် (U.S. Tsunami Warning System) ကလည်း နောက်သုံးနာရီအတွင်း “အန္တရာယ်ရှိသော ဆူနာမီလှိုင်းများ” ဖြစ်ပေါ်နိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ခဲ့သည်။
ရုရှားနှင့် အီကွေဒေါ၏ အချို့သော ကမ်းရိုးတန်းများတစ်လျှောက် ၃ မီတာ (၉ ဒသမ ၈ ပေ) ကျော်ရှိသော လှိုင်းများ ဖြစ်နိုင်ကြောင်း၊ ဂျပန်၊ ဟာဝိုင်အီ၊ ချီလီနှင့် ဆော်လမွန်ကျွန်းစုတို့တွင် ၁-၃ မီတာ (၃ ဒသမ ၃-၉ ဒသမ ၈ ပေ) ရှိသော လှိုင်းများ ဖြစ်နိုင်ကြောင်း ဖော်ပြခဲ့သည်။ အမေရိကန် အနောက်ပိုင်းကမ်းရိုးတန်းအပါအဝင် ပစိဖိတ်ဒေသအများစု၏ ကမ်းရိုးတန်းတစ်လျှောက်တွင် သေးငယ်သော လှိုင်းများ ဖြစ်နိုင်ကြောင်းလည်း ထည့်သွင်းဖော်ပြထားသည်။
“ပစိဖိတ်သမုဒ္ဒရာမှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြီးကြောင့် ဟာဝိုင်အီမှာ နေထိုင်သူတွေအတွက် ဆူနာမီသတိပေးချက် ထုတ်ပြန်ထားပါတယ်” ဟု အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့် (Donald Trump) က လူမှုမီဒီယာပေါ်တွင် ရေးသားခဲ့သည်။
ဟာဝိုင်အီသတိပေးချက်တွင် ကမ်းနီးဒေသများမှ မြင့်ရာသို့ ရွှေ့ပြောင်းရန် သို့မဟုတ် အဆောက်အအုံ၏ စတုတ္ထထပ်သို့ ရွှေ့ပြောင်းရန် နေထိုင်သူများကို တိုက်တွန်းထားသည်။
ငလျင်လှုပ်ခတ်ပြီးနောက် လူအချို့ ဆေးဝါးအကူအညီများ ရယူခဲ့ကြောင်း ဒေသဆိုင်ရာ ကျန်းမာရေးဝန်ကြီး အိုလက်ဂ် မယ်လ်နီကော့ဗ်က ရုရှား TASS နိုင်ငံပိုင်သတင်းအေဂျင်စီသို့ ပြောကြားခဲ့သည်။
“ကံမကောင်းစွာနဲ့ ငလျင်လှုပ်ခတ်စဉ် ဒဏ်ရာရရှိသူအချို့ ရှိပါတယ်။ အချို့က အပြင်ထွက်ပြေးရင်း ဒဏ်ရာရခဲ့ကြပြီး လူနာတစ်ဦးကတော့ ပြတင်းပေါက်ကနေ ခုန်ချခဲ့ပါတယ်။ အမျိုးသမီးတစ်ဦးလည်း လေဆိပ်အဆောက်အအုံအသစ်အတွင်းမှာ ဒဏ်ရာရခဲ့ပါတယ်” ဟု မယ်လ်နီကော့ဗ်က ပြောကြားခဲ့သည်။
“လူနာအားလုံးရဲ့ အခြေအနေက အခုလက်ရှိမှာ ကောင်းမွန်နေပြီး ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာရမှု မရှိသေးပါဘူး” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
ရုရှား၏ အရေးပေါ်ဝန်ဆောင်မှုဝန်ကြီးဌာနက တယ်လီဂရမ်တွင် ဖော်ပြထားရာ ဆာခါလင်မြို့ရှိ ဆီဗီရို-ကူရစ်လ်စ်ဆိပ်ကမ်းနှင့် ငါးလုပ်ငန်းစက်ရုံတစ်ခုသည် ဆူနာမီကြောင့် တစ်စိတ်တစ်ပိုင်း ရေလွှမ်းမိုးခဲ့ကြောင်း၊ ဒေသခံများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ကြောင်း သိရသည်။
သူငယ်တန်းကျောင်းတစ်ကျောင်းလည်း ပျက်စီးခဲ့သော်လည်း အဆောက်အအုံအများစုမှာ ငလျင်ဒဏ်ကို ခံနိုင်ရည်ရှိခဲ့ပြီး သေဆုံးသူမရှိသေးကြောင်း ဝန်ကြီးဌာနက ထပ်လောင်းပြောကြားခဲ့သည်။
ကမ်ချတ်ကာနှင့် ရုရှား၏ အရှေ့ဖျားဒေသသည် ပစိဖိတ်မီးခွင်း (Pacific Ring of Fire) ပေါ်တွင် တည်ရှိပြီး ဘူမိဗေဒအရ တက်ကြွလှုပ်ရှားသော ငလျင်နှင့် မီးတောင်ပေါက်ကွဲမှုများ မကြာခဏဖြစ်ပွားလေ့ရှိသော ဒေသဖြစ်သည်။
ရုရှားသိပ္ပံအကယ်ဒမီက ယခုငလျင်သည် ၁၉၅၂ ခုနှစ်နောက်ပိုင်း ဒေသတွင်း၌ လှုပ်ခတ်ခဲ့သည့် အပြင်းထန်ဆုံး ငလျင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“ဒါပေမယ့် ငလျင်ဗဟိုချက်ရဲ့ သတ်မှတ်ချက်အချို့ကြောင့် တုန်ခါမှုပြင်းအားက မဂ္ဂနီကျုအဆင့်အတန်းနဲ့ မျှော်မှန်းထားသလောက် မမြင့်မားခဲ့ပါဘူး” ဟု ကမ်ချတ်ကာ ဘူမိရူပဗေဒဝန်ဆောင်မှုဌာန၏ ဒါရိုက်တာ ဒါနီလာ ချီဘရော့ဗ်က တယ်လီဂရမ်တွင် ပြောကြားခဲ့သည်။
“နောက်ဆက်တွဲငလျင်တွေကတော့ ဆက်တိုက်လှုပ်ခတ်နေဆဲပါ… သူတို့ရဲ့ ပြင်းအားကတော့ အတော်လေး မြင့်မားနေဦးမှာပါ။ ဒါပေမယ့် မကြာမီကာလမှာတော့ ပိုပြီးပြင်းထန်တဲ့ တုန်လှုပ်မှုတွေ မျှော်မှန်းမထားပါဘူး။ အခြေအနေကို ထိန်းချုပ်ထားနိုင်ပါတယ်” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။




