၃၀. ၇. ၂၀၂၅
Written by Nyein Kyaw
အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲများတွင် အချိုးကျ (PR) စနစ်နှင့် အနိုင်ရသူအကုန်ယူ (FPTP) စနစ်နှစ်မျိုးလုံး ကျင့်သုံးသွားမည်ဖြစ်ကြောင်း ဆဋ္ဌမအကြိမ် ပြင်ဆင်သည့် အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေနှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဥပဒေတို့တွင် ပြဋ္ဌာန်းထားသည်။
အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေကို ဆဋ္ဌမအကြိမ်ပြင်ဆင်သည့် ဥပဒေကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် (၄၆/၂၀၂၅) ဖြင့် ဇူလိုင် ၂၉ ရက်(ယမန်နေ့) က ပြဋ္ဌာန်းလိုက်ပြီး အဆိုပါ ဥပဒေတွင် အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၄ အား အစားထိုးပြင်ဆင်သတ်မှတ်ထားသည်။
အဆိုပါ ဥပဒေပုဒ်မ ၄ တွင် ကော်မရှင်သည် လွှတ်တော်မဲဆန္ဒနယ်များကို သတ်မှတ်ရာတွင် ပုဒ်ခွဲ (က) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မပါရှိသော တိုင်းဒေသကြီး သိုမဟုတ် ပြည်နယ်များအတွက် မဲဆန္ဒနယ်တစ်နယ်လျှင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကျစီဖြင့် လွှတ်တော်ကိုယ်စားလှယ် ၆ ဦးကို မဲအများဆုံးရသူအနိုင်ယူစနစ်ဖြင့် ရွေးကောက်တင်မြှောက်ရန်အတွက် မြိုနယ်များကိုစုစည်း၍ မဲဆန္ဒနယ်များ သတ်မှတ်ပေးရမည်။ ပုဒ်မခွဲ (ခ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သိုမဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပါရှိသော တိုင်းဒေသကြီး သိုမဟုတ် ပြည်နယ်များအတွက် မဲဆန္ဒနယ် တစ်နယ်လျှင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကျစီဖြင့် လွှတ်တော်ကိုယ်စားလှယ် ၆ ဦးကို မဲအများဆုံးရသူအနိုင်ယူစနစ်ဖြင့် ရွေးကောက်တင်မြှောက်ရန်အတွက် မဲဆန္ဒနယ်များသတ်မှတ်ရာတွင် အောက်ပါအတိုင်း ဆောင်ရွက်ရမည်။
(၁) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သိုမဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တစ်ခုစီအတွက် လွှတ်တော်မဲဆန္ဒနယ် တစ်နယ်စီ သတ်မှတ် ပေးရမည်။ (၂) ယင်းသို သတ်မှတ်ပေးပြီးနောက် ကျန်ရှိသောမဲဆန္ဒနယ်များအတွက် မြိုနယ်များကိုစုစည်း၍ မဲဆန္ဒနယ်များ သတ်မှတ်ပေးရမည်ဖြစ်သည်။
ပုဒ်မခွဲ (ဂ) တိုင်းဒေသကြီး သိုမဟုတ် ပြည်နယ်တစ်ခုလျှင် ကျန်လွှတ်တော်ကိုယ်စား လှယ် ၆ ဦးကို အချိုးကျကိုယ်စားပြုစနစ်ဖြင့် ရွေးကောက်တင်မြှောက်နိုင်ရန် မဲဆန္ဒနယ်များကို သတ်မှတ်ပေးရမည်။
ပုဒ်ခွဲ (ဃ) လွှတ်တော်သက်တမ်းတစ်ရပ်အတွက် သတ်မှတ်ထားသော လွှတ်တော်မဲဆန္ဒနယ်တစ်နယ်အတွင်း ကျရောက်သည့်နယ်မြေတစ်ခုခုကို ပြည်ထောင်စုနယ်မြေအဖြစ် သတ်မှတ်ပါက ယင်းနယ်မြေသည် မူလသတ်မှတ်ထားသော လွှတ်တော်မဲဆန္ဒနယ်အတွင်း၌သာ ပါဝင်သည်ဟု မှတ်ယူရမည်ဟု ပြဋ္ဌာန်းထားသည်။
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေကို ဆဋ္ဌမအကြိမ် ပြင်ဆင်သည့်ဥပဒေကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် (၄၇/၂၀၂၅) ဖြင့် ဇူလိုင် ၂၉ ရက်တွင် ပြဋ္ဌာန်းလိုက်ပြီး အဆိုပါ ဥပဒေတွင် အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၄ အား အစားထိုးပြင်ဆင်သတ်မှတ်လိုက်သည်။
အဆိုပါ ဥပဒေပုဒ်မ ၄ တွင် ကော်မရှင်သည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တစ်ခုချင်းစီအလိုက် လွှတ်တော်မဲဆန္ဒနယ်များကို သတ်မှတ်ရာတွင် ပုဒ်မခွဲ(က) လွှတ်တော်ကိုယ်စားလှယ် တစ်ဦးကျစီကို မဲအများဆုံးရသူအနိုင်ယူ စနစ်ဖြင့် ရွေးကောက်တင်မြှောက်ရန်အတွက် မြို့နယ်တစ်မြို့နယ်လျှင် မဲဆန္ဒနယ်တစ်နယ် သတ်မှတ်ပေးရမည်။
ပုဒ်ခွဲ (ခ) ကျန်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအတွက် မြို့နယ်တစ်မြို့နယ်လျှင် တစ်ဦးကျဖြင့် အချိုးကျကိုယ်စားပြုစနစ်ဖြင့် ရွေးကောက်တင်မြှောက်နိုင်ရန် မြို့နယ်များကို စုစည်း၍ မဲဆန္ဒနယ်များ သတ်မှတ်ပေးရမည်။
ပုဒ်မခွဲ (ဂ) ဖွဲစည်းပုံအခြေခံဥပဒေပုဒ်မ ၁၆၁ ပုဒ်မခွဲ (ခ) နှင့် ပုဒ်မခွဲ (ဂ) တိုအရ တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ် ရွေးကောက်တင်မြှောက်ခွင့်ရှိသည့် တိုင်းရင်းသားလူမျိုးတစ်မျိုးစီအတွက် မဲဆန္ဒနယ်သတ်မှတ်ရာတွင် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုလုံးကို မဲဆန္ဒနယ်တစ်နယ်စီအဖြစ် သတ်မှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။



