၃၀.၇.၂၀၂၅
Translated by Htwe Ko Tun
ထိုင်းနိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့အကြား အပစ်အခတ်ရပ်စဲရေးကို ဇူလိုင်၂၈ ရက်က နှစ်နိုင်ငံဝန်ကြီးချုပ်တွေ သဘောတူခဲ့ကြပေမယ့် ကမ္ဘောဒီးယားအနေနဲ့ ပြောင်ပြောင်တင်းတင်းချိုးဖောက်နေလို့ အင်မတန် ယုတ်ညံ့တဲ့ အပြုအမူပါပဲလို့ ဝန်ကြီးချုပ်ရာထူးမှ ဆိုင်းငံ့ခံထားရတဲ့ ပေတုံတန်ကဇူလိုင် ၂၉ ရက်က ရှုတ်ချပြောကြားခဲ့ပါတယ်။
ကြားဖြတ်ဝန်ကြီးချုပ် ဖွမ်သမ်ဝီချာရာချိုင်းက သဘာပတိအဖြစ်ပြုလုပ်တဲ့ အပတ်စဉ် အစိုးရအဖွဲ့ အစည်းအဝေးမှာ ပေတုံတန်က ခုလိုပြောခဲ့တာပါ။
အပစ်အခတ်ရပ်စဲရေး သဘောတူထားပေမယ့် ကမ္ဘောဒီးယားတပ်ဖွဲ့တွေဟာ ဇူလိုင် ၂၉ ရက် နံနက် ၃ နာရီခွဲမှာ ထိုင်းပိုင်နက်ထဲကို ဝင်ရောက်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဒီလို ဂုဏ်သိက္ခာမရှိ ယုတ်ညံ့တဲ့အပြုအမူမျိုးလုပ်တဲ့အတွက် အံ့အားသင့်မိတယ်လို့လည်း ပေတုံတန်က သတင်းထောက်တွေကိုပြောခဲ့ပါတယ်။
ပေတုံတန်ကို သတင်းထောက်တွေက သက်ဆင်နဲ့ ဟွန်ဆန် မိသားစုနှစ်ခုအကြား ကမ္ဘာ့ရန်အဖြစ် တည်ရှိနေကြပြီလားဆိုတဲ့ မေးမြန်းချက်ကိုတော့ ပေတုံတန်က လုံးဝငြင်းဆိုခဲ့ပါတယ်။ သူက နှစ်နိုင်ငံကြား ဒီပဋိပက္ခက အွန်လိုင်းခေါ်ဆိုလိမ်လည်ဂိုဏ်းတွေနဲ့ ဆက်စပ်နေတယ်လို့ ပြောခဲ့ပါတယ်။
ဒီကိစ္စအတွက် ထိုင်းအစိုးရက နောက်ထပ် တရားဝင်ကြေညာချက်တစ်ခုထုတ်ဖို့ရှိသလားလို့ မေးမြန်းရာမှာတော့ ဒီအတွက် ကြားဖြတ်ဝန်ကြီးချုပ် ဖွမ်သမ်ဝီချာရာချိုင်းက ဆောင်ရွက်မှာဖြစ်တယ်လို့ ပေတုံတန်က ဖြေခဲ့ပါတယ်။
Ref- Nation Thailand
