
၂၉.၇.၂၀၂၅
Translated by Htwe Ko Tun
ထိုင်းနိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့အကြား ရရှိခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အရ ဇူလိုင်လ ၂၉ ရက် နံနက်အစောပိုင်းနာရီတွေကစလို့ အပစ်အခတ်ရပ်စဲရေး စတင် အကျိုးသက်ရောက်ခဲ့ပေမယ့် ကမ္ဘောဒီးယားအနေနဲ့ ဒီသဘောတူညီချက်ကိုချိုးဖောက်ပြီး ထိုင်းပြည်သူအများအပြားရှိနေတဲ့ နေရာတွေကို ဇူလိုင်လ ၂၉ ရက်မှာ ပစ်ခတ်မှုတွေပြုလုပ်ခဲ့တယ်လို့ ထိုင်းစစ်ဘက်က စွပ်စွဲခဲ့ပါတယ်။
ထိုင်းစစ်ဘက်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဝင်ထိုင်း ဆူဗာရီက ဇူလိုင်လ ၂၈ ရက် ညသန်းခေါင်ကျော် ပြီးတဲ့နောက်မှာပဲ ကမ္ဘောဒီးယားစစ်တပ်က ထိုင်းပိုင်နက်နယ်မြေတွေထဲကို အကြိမ်ကြိမ်ပစ်ခတ်ခဲ့တယ်လို့ ထိုင်းစစ်ဌာနချုပ်မှာ ပြောခဲ့ပါတယ်။ ထိုင်းစစ်ဘက် က ကြေညာချက်တစ်ရပ်ထုတ်ပြန်ခဲ့ရာမှာလည်း ချုံအန်မ၊ ချုံဘုတ်၊ ပရာဆတ် တာကွေး၊ ဖူမာခူးနဲ့ ဆမ်တေ နယ်မြေတွေကို ကမ္ဘောဒီးယားဘက်က ပစ်ခတ်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။
ဗိုလ်ချုပ် ဝင်ထိုင်းက “ဒါကိုကြည့်ရင် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ချိုးဖောက်ဖို့ရည်ရွယ်တာကိုပြနေပြီး အပြန်အလှန်ယုံကြည်အားထားမှုပျက်ပြားအောင် လုပ်တာလည်းဖြစ်တယ်။ ဒီလုပ်ရပ်ကို ကျွန်တော်တို့ရှုတ်ချပါတယ် “လို့ ပြောခဲ့ပါတယ်။
ဒါပေမယ့် ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်ချုပ်ကြီး မာလီ ဆိုချေတာကတော့ ထိုစွပ်စွဲချက်ကမဟုတ်မှန်ပါဘူးလို့ ဇူလိုင် ၂၉ ရက်မှာ ငြင်းခဲ့ပါတယ်။ ကမ္ဘောဒီးယားအနေနဲ့ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ရဲ့ အခန်းကဏ္ဍတွေကိုလေးစားလိုက်နာပြီး အကောင်အထည်ဖော်သွားမယ်လို့လည်း ပြောခဲ့ပါတယ်။
Ref- Bangkok Post, Khmer Times
