
၂၉. ၇. ၂၀၂၅
Written by Nay Moe
ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်ရဲ့ မြို့နယ်ခွဲတစ်ခုဖြစ်ပြီး တအာင်းပလောင်လက်နက်ကိုင် TNLA နယ်မြေလုယက်သိမ်းယူထားတဲ့ မိုင်းလုံမြို့က ပလောင်ကုန်းကို ဒီညနေက ဗုံးကြဲလိုက်ရာမှာ တစ်ဦး ဗုံးစထိမှန်ပြီး သေဆုံးသွားခဲ့ပါတယ်။
ဖြစ်စဥ်မှာ ဒီနေ့ ညနေ ၅ နာရီ ၃၇ အချိန်က မိုင်းလုံမြို့၊ ခန်နီရပ်ကွက်က ပလောင်ကုန်းကို လေကြောင်းနဲ့ ပေါင် (၂၅၀)ဗုံး (၁)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့လို့ တစ်ဦး သေဆုံးခဲ့ရပြီး နေအိမ် (၇)အိမ်လည်း ဗုံးစထိမှန်ပျက်စီးသွားခဲ့တာပါ။

အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားတဲ့ လက်နက်ကိုင်တွေရှိရာ ဒေသတွေနဲ့ စစ်ပွဲတွေကို အဓွန့်ရှည်ကြာစေတဲ့ သယံဇာတခိုးထုတ်ရာဒေသများစွာကို တိုက်ခိုက်တုံ့ပြန်သွားမယ်လို့ သတိပေးထားတဲ့အတိုင်း အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခံထားရတဲ့ တအာင်းလက်နက်ကိုင် TNLA က နယ်မြေမစွန့်ခွာဘဲ သယံဇာတ ခိုးထုတ်နေတဲ့ မိုးကုတ်မြို့ကို ဒီနေ့မနက်မှာ လေကြောင်းတိုက်ခိုက် ဗုံးကြဲလိုက်လို့ လေးဦးသေဆုံးကာ ၉ ဦးဒဏ်ရာရခဲ့ပါသေးတယ်။
ဒီနေ့ မနက်ပိုင်း ၉ နာရီခွဲခန့် အချိန်က TNLA အခြေစိုက်ရာ မိုးကုတ်မြို့၊ မင်းတံတားရပ်ကွက်၊ ရွှေဘုံသာရပ်ကွက်နဲ့ BOC ကားကြီးကွင်းအနီးနဲ့ Ruby Wall KTV ကို လေကြောင်းကနေ ပေါင် (၅၀၀)ဗုံး (၃)လုံးနဲ့ ပေါင်(၂၅၀)ဗုံး (၂)လုံးအပါအဝင် စုစုပေါင်း ဗုံး (၅)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဗုံးကျရောက်ပေါက်ကွဲပြီး လူ (၄)ဦးသေ၊ (၉)ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် (၁၈)လုံး ဗုံးစထိမှန်ပျက်စီးသွားခဲ့တာလို့ TNLA က ပြောပါတယ်။

TNLA နယ်မြေလုယက်သိမ်းယူထားတဲ့ နောင်ချို၊ သပိတ်ကျင်း စတဲ့ မြို့နယ်တွေကို တပ်မတော်က ပြန်သိမ်းအပြီးမှာ ကျောက်မဲ၊ မိုင်းငေါ့၊ နောင်ချို၊ သီပေါနဲ့ မိုးကုတ်မြို့နယ်တွေကို ဆက်လက်ထိုးစစ်ဆင်နေပြီး ဒီလထဲ လေကြောင်းကနေ TNLA တွေ အခြေစိုက်ရာနေရာတွေကို စုစုပေါင်း (၂၈)ကြိမ် ဗုံးကြဲတိုက်ခိုက်ရာမှာ လူ ၁၅ ဦးသေဆုံးကာ အမျိုးသား (၃၅)ဦး၊ အမျိုးသမီး (၉)ဦးနဲ့ ကလေးငယ် (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် နေအိမ် (၇၆)အိမ်၊ စာသင်ကျောင်း (၂)ကျောင်းနဲ့ ဘုန်းကြီးကျောင်း (၂)ကျောင်းလည်း ထိမှန်ပျက်စီးသွားခဲ့တယ် ပြောပါတယ်။
