၂၉. ၇. ၂၀၂၅
Written by Nay Moe
အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားတဲ့ လက်နက်ကိုင်တွေရှိရာ ဒေသတွေနဲ့ စစ်ပွဲတွေကို အဓွန့်ရှည်ကြာစေတဲ့ သယံဇာတခိုးထုတ်ရာဒေသများစွာကို တိုက်ခိုက်တုံ့ပြန်သွားမယ်လို့ သတိပေးထားတဲ့အတိုင်း အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခံထားရတဲ့ တအာင်းလက်နက်ကိုင် TNLA က နယ်မြေမစွန့်ခွာဘဲ သယံဇာတခိုးထုတ်နေတဲ့ မိုးကုတ်မြို့ကို ဒီနေ့မနက်မှာ လေကြောင်းတိုက်ခိုက် ဗုံးကြဲလိုက်လို့ လေးဦးသေဆုံးကာ ၉ ဦးဒဏ်ရာရခဲ့ပါတယ်။
ဒီနေ့ မနက်ပိုင်းအချိန်က TNLA အခြေစိုက်ရာ မိုးကုတ်မြို့၊ မင်းတံတားရပ်ကွက်၊ ရွှေဘုံသာရပ်ကွက်နဲ့ BOC ကားကြီးကွင်းအနီးကို လေကြောင်းကနေ ပေါင် (၅၀၀)ဗုံး (၃)လုံးနဲ့ ပေါင်(၂၅၀)ဗုံး (၂)လုံးအပါအဝင် စုစုပေါင်း ဗုံး (၅)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဗုံးကျရောက်ပေါက်ကွဲပြီး လူ (၄)ဦးသေ၊ (၉)ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် (၁၈)လုံး ဗုံးစထိမှန်ပျက်စီးသွားခဲ့တာလို့ TNLA က ပြောပါတယ်။
ညှိနှိုင်းမှုလည်း လက်မခံ၊ နယ်မြေလည်းလုယက်သိမ်းဆည်းထားပြီး သယံဇာတခိုးထုတ်တာလည်းမလျှော့တဲ့ TNLA အခြေစိုက်ရာ မိုးကုတ်မြို့ကို တပ်မတော်က ဇူလိုင်လ (၈)ရက်နေ့မှာ (၁)ကြိမ်၊ ဇူလိုင်လ (၉)ရက်နေ့မှာ (၁)ကြိမ်၊ ဇူလိုင်လ (၁၁)ရက်နေ့မှာ (၁)ကြိမ်၊ ဇူလိုင်လ (၂၆)ရက်နေ့မှာ (၁)ကြိမ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူ (၆) သေဆုံးသွားခဲ့ပြီး (၂၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် ပြည်သူလူထု၏နေအိမ်(၂၄)အိမ်လည်း ထိမှန်ပျက်စီးသွားခဲ့တယ်ဆိုပါတယ်။
ဒီလိုထိခိုက်ပျက်စီးမှုတွေထဲမှာ TNLA ထိပ်ပိုင်းခေါင်းဆောင်တွေ အခြေစိုက်နေတဲ့ မိုးကုတ်က ဟိုတယ်တွေ၊ KTV တွေ ကျောက်မျက်ခိုးထုတ်ရာနေရာတွေ တိုက်ခိုက်ခံရ TNLA လက်နက်ကိုင်တွေ များစွာလည်း သေကြေရတယ်လို့ သတင်းတွေထွက်ပေါ်ပေမဲ့ TNLA ကတော့ ဝန်ခံလေ့မရှိဘဲ ပြည်သူလူထုသေဆုံးတယ်လို့သာ လိမ်ညာထုတ်ပြန်လေ့ရှိပါတယ်။ ဒီနေ့တိုက်ခိုက်မှုမှာလည်း Ruby Wall KTV ကို နံနက် ၉ နာရီခွဲမှာ ဗုံးကြဲခံလိုက်ရတယ်ဆိုပေမဲ့ TNLA ကတော့ ဖုံးကွယ်ထားခဲ့ပါတယ်။








