◾️ ပြည်တွင်းစက်သုံးဆီဈေး မြင့်တက်နိုင်သည်ဟု ခန့်မှန်းထားသော်လည်း နိုင်ငံခြားငွေများ ဆက်တိုက်ထုတ်ရောင်းပေးနေမှုကြောင့် ဓာတ်ဆီဈေးနှုန်း ကျဆင်းနေ
၂၉. ၇. ၂၀၂၅
Written by Nyein Kyaw
ဗဟိုဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာသန်း ၃၀ ထပ်မံထုတ်ရောင်းပေး၍ ယခုဘဏ္ဍာနှစ် လေးလနီးပါးတွင် ဒေါ်လာ ၄၅၇ သန်း ထုတ်ရောင်းပေးထားပြီးဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
ဗဟိုဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များအတွက် နိုင်ငံခြားငွေများ ထုတ်ရောင်းပေးခဲ့ရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အစ ဧပြီလတွင် သုံးကြိမ်ထုတ်ရောင်းပေးခဲ့မှု စုစုပေါင်းဒေါ်လာ ၉၃ သန်း၊ မေလတွင် သုံးကြိမ်ထုတ်ရောင်းပေးမှု စုစုပေါင်းဒေါ်လာ ၈၆ သန်းနှင့် ထိုင်းဘတ်သန်း ၂၀၀ ထုတ်ရောင်းပေးခဲ့သည်။
ဇွန်လတွင်လည်း လေးကြိမ်ထုတ်ရောင်းပေးခဲ့ပြီး စုစုပေါင်းဒေါ်လာ ၁၂၅ သန်း၊ ဇူလိုင်လတွင် ယခုထုတ်ရောင်းပေးမှုအပါအဝင် ငါးကြိမ်ထုတ်ရောင်းပေးခဲ့ပြီး စုစုပေါင်းဒေါ်လာ ၁၅၃ သန်းရှိ၍ ယခုဘဏ္ဍာနှစ် သုံးလအတွင်း စုစုပေါင်းဒေါ်လာ ၄၅၇ သန်းနှင့် ထိုင်းဘတ်သန်း ၂၀၀ အထိ ထုတ်ရောင်းပေးထားခြင်းဖြစ်သည်။
ကမ္ဘာ့ရေနံဈေးမြင့်တက်လာသဖြင့် ပြီးခဲ့သည့်အပတ်အတွင်း စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာနိုင်သည်ဟု ခန့်ထားသော်လည်း စက်သုံးဆီလုပ်ငန်းရှင်များအတွက် နိုင်ငံခြားငွေ ဆက်တိုက်ထုတ်ရောင်းပေးခဲ့ခြင်းကြောင့် ဓာတ်ဆီဈေးနှုန်းများ တစ်လီတာ ကျပ် ၃၀ ကျဆင်းလာခဲ့သည့်အပြင် ဒီဇယ်ဈေးနှုန်းသည်လည်း အနည်းငယ်သာ မြင့်တက်မှုရှိခဲ့သည်။
ယနေ့တွင် ဓာတ်ဆီ ၉၂ တစ်လီတာ ၂၉၃၅ ကျပ်၊ ဓာတ်ဆီ ၉၅ တစ်လီတာ ၃၉၉၀ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ၂၇၁၀ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၃၃၅၅ ကျပ်ဖြစ်ပေါ်လျက်ရှိသည်။ ဇူလိုင် ၂၄ ရက်နေ့က ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ဓာတ်ဆီဈေးနှုန်း တစ်လီတာ ကျပ် ၃၀ ကျဆင်းခဲ့ပြီး ရိုးရိုးဒီဇယ် တစ်လီတာ ၂၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာ ကျပ် ၅၀ မြင့်တက်ခဲ့သည်။

