၂၉.၇.၂၀၂၅
Translated by Htwe Ko Tun
ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား ဇူလိုင်လ ၂၄ ရက်မှ စတင်ခဲ့သော နယ်စပ်တိုက်ခိုက်မှုများ ငါးရက်ကြာဖြစ်ပွားခဲ့ပြီးနောက် အပစ်အခတ်ရပ်စဲရေးအတွက် ဇူလိုင် ၂၈ ရက်တွင် သဘောတူညီချက်ရရှိခဲ့ကြရာ ဇူလိုင်၂၉ ရက် နံနက်အစောပိုင်းနာရီများမှစ၍ အကျိုးသက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
နှစ်ဖက်စလုံးက ခြွင်းချက်မရှိ အပစ်အခတ်ရပ်စဲရေးကို သဘောတူခဲ့ကြပြီး ကီလိုမီတာ ၈၀၀ ကျော်ရှည်လျားသော နှစ်နိုင်ငံနယ်စပ် မျဉ်းတစ်လျှောက် ရှေးဟောင်း ဘုရားကျောင်းများပိုင်ဆိုင်မှုနှင့်ပတ်သက်၍ အငြင်းပွားတိုက်ခိုက်နေမှုများကို ဇူလိုင်လ ၂၈ ရက် ညသန်းခေါင်အချိန်တွင် အဆုံးသတ်မည်ဟု သဘောတူညီချက်ကဆိုသည်။
နယ်စပ်မှ ကီလိုမီတာ ၂၀ ခန့်ကွာဝေးသည့် ကမ္ဘောဒီးယားပိုင်နက်အတွင်းမှ ဆမ်ရောင်မြို့တွင် ဇူလိုင် ၂၈ ရက်က တစ်နေ့လုံးလက်နက်ကြီးပစ်သံများကြားနေခဲ့ရပြီးနောက် ညသန်းခေါင်ပြည့်ရန် မိနစ် ၃၀ ခန့် အလိုတွင်မူ ပစ်ခတ်သံများ ရပ်စဲသွားခဲ့သည်။
လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုများ၊ ဒုံးကျည်နှင့်လက်နက်ကြီးပစ်ခတ်မှုများကြောင့် ငါးရက်တာကာလအတွင်း နှစ်ဖက်စုစုပေါင်း ၃၈ ဦးသေဆုံးခဲ့ကြကာ ပြည်သူသုံးသိန်းနီးပါး အိုးအိမ်များကို စွန့်ခွာပြောင်းရွှေ့မှုများပြုလုပ်ခဲ့ရပြီးနောက် အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ ပြီးခဲ့သည့် ရက်သတ္တပတ်ကုန်တွင် ဝင်ရောက်စွက်ဖက်တိုက်တွန်းခဲ့မှုက အပစ်အခတ်ရပ်စဲရေးကို ဦးတည်စေခဲ့သည်။
တိုက်ခိုက်မှုများအတွင်း ထိုင်းနိုင်ငံဘက်မှစစ်သား ၁၁ ဦးနှင့် အရပ်သားပြည်သူ ၁၄ ဦးသေဆုံးခဲ့ရပြီး ကမ္ဘောဒီးယားနိုင်ငံဘက်မှလည်း စစ်သားငါးဦးနှင့် အရပ်သားပြည်သူ ရှစ်ဦးသေဆုံးခဲ့ရကြောင်း ပြောကြားခဲ့ကြသည်။ သို့သော် ထိုင်းစစ်ဘက်က ကမ္ဘောဒီးယားစစ်သား ၁၂ ဦး၏အလောင်းများကို ပြန်လည် လွှဲ ပြောင်းပေးခဲ့ကြောင်း ပြောခဲ့သည်။
ထိုင်းနိုင်ငံအတွင်း နယ်စပ်ဒေသများမှ ပြည်သူ ၁၃၈,၀၀၀ ကျော်ကို အိုးအိမ်များမှ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ရပြီး ကမ္ဘောဒီးယားနိုင်ငံဘက်တွင်လည်း ပြည်သူ ၁၄၀,၀၀၀ ခန့်ကို အလားတူပြောင်းရွှေ့ပေးခဲ့ရသည်။
၂၀၀၈ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း နယ်စပ်ဒေသများတွင် ပိုင်နက်အငြင်းပွားမှုကြောင့် ကွက်ကျားတိုက်ပွဲများဖြစ်ပေါ်ခဲ့ပြီးနောက် ယခုအချိန် တိုက်ခိုက်မှုက နှစ်ဖက်လူအသေအပျောက်အများဆုံးလည်းဖြစ်ခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံ ၁၉၀၇ ခုနှစ်တွင် ပြင်သစ်ကိုလိုနီအဖြစ်တည်ရှိစဉ် ပြင်သစ်အုပ်ချုပ်သူတို့၏ မရေရာမပြတ်သားသော နယ်နိမိတ်သတ်မှတ်မှုက အိမ်မနီးချင်းနှစ်နိုင်ငံအကြား ယခုအချိန်အထိ နယ်စပ်ဒေသတွင် ပိုင်နက်အငြင်းပွားမှုကို ဖြစ်စေခဲ့သည်။
ထိုင်းနိုင်ငံ ကြားဖြတ်ဝန်ကြီးချုပ် ဖွမ်သမ် ဝီချာရာချိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်ဟွန်မာနက်တို့က ဇူလိုင်လ ၂၈ ရက်တွင် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က မလေးရှားနိုင်ငံ၊ ပူထရာဂျာဗာမြို့တွင် အိမ်ရှင်အဖြစ်ကျင်းပသောအပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဆွေးနွေးပွဲ၌ သဘောတူညီချက်ရခဲ့ကြခြင်းဖြစ်သည်။
ညှိနှိုင်းဆွေးနွေးပွဲအပြီး ပူးတွဲကြေညာချက်ထုတ်ခဲ့ရာတွင် တရုတ်နိုင်ငံက ဆွေးနွေးပွဲတွင် တက်ကြွစွာပူးပေါင်းပါဝင်ခဲ့ကြောင်း ဖော်ပြခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်မာနက်က အမေရိကန် သမ္မတ ထရမ့်ပ်အား ပြတ်သားသော ကူညီမှုအတွက် ကျေးဇူးတင်ကြောင်း ပြောခဲ့သည်။ ထိုင်းနိုင်ငံ ကြားဖြတ်ဝန်ကြီးချုပ် ဖွမ်သမ် ဝီချာရာချိုင်းက အပစ်အခတ်ရပ်စဲရေးကို နှစ်ဖက်စလုံးက ကောင်းမွန်သော ယုံကြည်မှုတည်ဆောက်နိုင်ခြင်းဖြင့် ဆောင်ရွက်နိုင်လိမ့်မည်ဟု ပြောခဲ့သည်။
Ref- Bangkok Post

