◾️ကာကွယ်ရေးဝန်ထမ်းဟောင်းများ ပုဂ္ဂလိကလုံခြုံရေးဝန်ထမ်းအဖြစ် လုပ်ကိုင်လိုပါကလည်း ဝန်ကြီးဌာနသို့ ခွင့်ပြုချက်တောင်းခံရမည်
၂၉. ၇. ၂၀၂၅
Written by Nyein Kyaw

စစ်ဘက်ဆိုင်ရာလျှို့ဝှက်ချက်အား ဥပဒေနှင့်အညီ လွှဲပြောင်းပေးခွင့်ရှိသူ၏ ခွင့်ပြုချက်မရှိဘဲ အခြားသူတစ်ဦးဦးထံ လွှဲပြောင်းပေးခြင်း ပြုလုပ်ပါက သေဒဏ်ထိချမှတ်နိုင်ကြောင်း ဇူလိုင် ၂၈ ရက် ရက်စွဲပါ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် (၄၄/၂၀၂၅)ဖြင့် ထုတ်ပြန်သည့် စစ်ဘက်ဆိုင်ရာလျှို့ဝှက်ချက်များထိန်းသိမ်းကာကွယ်ခြင်းဥပဒေတွင် ပြဋ္ဌာန်းထားသည်။
ဥပဒေ ပုဒ်မ ၂ ပုဒ်မခွဲ (ဇ)တွင် စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ချက်ဆိုသည်မှာ စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ချက်များအနက် လျှို့ဝှက်ချက်တစ်ရပ်ရပ်ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ နှုတ်ဖြင့်ပြောဆိုခြင်း၊ စာဖြင့်ရေးသားပေးပို့ခြင်း သို့မဟုတ် တစ်နည်းနည်းဖြင့် သိရှိစေရန် လွှဲပြောင်းပေးခြင်းကို ဆိုလိုကြောင်း ပြဋ္ဌာန်းထားသည်။

ဥပဒေ ပုဒ်မ ၁၆ တွင် မည်သူမဆို စစ်ဘက်ဆိုင်ရာလျှို့ဝှက်ချက်များအနက် လျှို့ဝှက်ချက်တစ်ရပ်တစ်ရပ်ကို ဥပဒေနှင့်အညီ လွှဲပြောင်းပေးခွင့်ရှိသူ၏ ခွင့်ပြုချက်မရှိဘဲ အခြားသူတစ်ဦးဦးထံ လွှဲပြောင်းပေးခြင်းပြုလုပ်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ထောင်ဒဏ်တစ်သက်ဖြစ်စေ၊ သေဒဏ်ဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။

ထို့ပြင် ဥပဒေ ပုဒ်မ ၄ တွင် ကာကွယ်ရေးဝန်ထမ်း သိုမဟုတ် ကာကွယ်ရေးဝန်ထမ်းဟောင်းတစ်ဦးဦးသည် နိုင်ငံခြားတိုင်းပြည်၏ အစိုးရတွင်ဖြစ်စေ၊ နိုင်ငံခြားတိုင်းပြည်၏ စစ်ဘက်ဆိုင်ရာအဖွဲတွင်ဖြစ်စေ၊ ယင်းတို၏ ကိုယ်စားဖြစ်စေ လုပ်ကိုင်ဆောင်ရွက်ခြင်းမပြုရဟု ပြဋ္ဌာန်းထားသည်။ သို့ရာတွင် ဝန်ကြီးဌာနက ဥပဒေနှင့်အညီ တာဝန် ပေးအပ်၍သော်လည်းကောင်း၊ ဝန်ကြီးဌာန၏ခွင့်ပြုချက်ဖြင့်သော်လည်းကောင်း လုပ်ကိုင်ဆောင်ရွက် ခြင်းသည် ဤပုဒ်မနှင့်သက်ဆိုင်ခြင်း မရှိစေရဟု ထည့်သွင်းဖော်ပြထားသည်။

ဥပဒေ ပုဒ်မ ၅ တွင် ကာကွယ်ရေးဝန်ထမ်း သို့မဟုတ် ကာကွယ်ရေးဝန်ထမ်းဟောင်း တစ်ဦးဦးသည် နိုင်ငံခြားတိုင်းပြည်၏ စစ်ဘက်ဆိုင်ရာအဖွဲ့မဟုတ်သည့် အဖွဲ့အစည်းတစ်ခုခုတွင်ဖြစ်စေ၊ ယင်းအဖွဲ့၏ကိုယ်စားဖြစ်စေ လုပ်ကိုင်ဆောင်ရွက်ခြင်း မပြုရဟု ပြဋ္ဌာန်းထားသည်။

ဥပဒေ ပုဒ်မ ၆ တွင် ကာကွယ်ရေးဝန်ထမ်းနှင့် ကာကွယ်ရေးဝန်ထမ်းဟောင်းတို့မှအပ မည်သူမျှ စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ချက်များအနက် လျှို့ဝှက်ချက်တစ်ရပ်ရပ်ကို တစ်နည်းနည်းဖြင့် ရယူအသုံးပြု၍ နိုင်ငံခြားတိုင်းပြည်၏ အစိုးရတွင်ဖြစ်စေ၊ နိုင်ငံခြားတိုင်းပြည်၏ စစ်ဘက်ဆိုင်ရာ အဖွဲ့တွင်ဖြစ်စေ၊ နိုင်ငံခြားတိုင်းပြည်၏ စစ်ဘက်ဆိုင်ရာအဖွဲ့မဟုတ်သည့် အခြားအဖွဲ့အစည်း၌ဖြစ်စေ၊ ယင်းတို့၏ ကိုယ်စားဖြစ်စေ လုပ်ကိုင်ဆောင်ရွက်ခြင်းမပြုရဟု ပြဋ္ဌာန်းထားသည်။
ဥပဒေ ပုဒ်မ ၇ တွင် ကာကွယ်ရေးဝန်ထမ်းတစ်ဦးဦးသည် စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ချက်များအနက် လျှို့ဝှက်ချက်တစ်ရပ်ရပ်ကို အသုံးပြု၍ နိုင်ငံတော်၏ အတွင်း၌ဖြစ်စေ၊ နိုင်ငံတော်၏ ပြင်ပ၌ဖြစ်စေရှိသော တရားဝင်လက်နက်ကိုင်အဖွဲ့အစည်းမဟုတ်သည့် အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုလုပ်ငန်းတွင် လုပ်ကိုင်ဆောင်ရွက်ခြင်းမပြုရဟု ပြဋ္ဌာန်းထားသည်။

ဥပဒေ ပုဒ်မ ၈ တွင် ကာကွယ်ရေးဝန်ထမ်းဟောင်းတစ်ဦးဦးသည် စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ချက်များအနက် လျှို့ဝှက်ချက်တစ်ရပ်ရပ်ကို အသုံးပြု၍ (က) တရားဝင်လက်နက်ကိုင်အဖွဲ့အစည်း မဟုတ်သည့်အဖွဲ့အစည်း၊ ( ခ ) ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုလုပ်ငန်းတို့တွင် လုပ်ကိုင်ဆောင်ရွက်ခြင်းမပြုရဟု ပြဋ္ဌာန်းထားသည်။
ဥပဒေ ပုဒ်မ ၉ တွင် ကာကွယ်ရေးဝန်ထမ်းနှင့် ကာကွယ်ရေးဝန်ထမ်းဟောင်းတို့မှအပ မည်သူမျှ စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ချက်များအနက် လျှို့ဝှက်ချက်တစ်ရပ်ရပ်ကို တစ်နည်းနည်းဖြင့် ရယူအသုံးပြု၍ (က) တရားဝင်လက်နက်ကိုင်အဖွဲ့အစည်းမဟုတ်သည့် အဖွဲ့အစည်း၊ ( ခ ) ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ခြင်းမပြုရဟု ပြဋ္ဌာန်းထားသည်။
မည်သည့်ကာကွယ်ရေးဝန်ထမ်း သို့မဟုတ် ကာကွယ်ရေးဝန်ထမ်းဟောင်းမဆို ပုဒ်မ ၄ သို့မဟုတ် ပုဒ်မ ၅ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ထောင်ဒဏ် တစ်သက်ဖြစ်စေ၊ သေဒဏ်ဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။

မည်သည့်ကာကွယ်ရေးဝန်ထမ်းမဆို ပုဒ်မ ၇ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ထောင်ဒဏ်တစ်သက်ဖြစ်စေ၊ သေဒဏ်ဖြစ် ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။ ပုဒ်မ ၈ ပုဒ်မခွဲ (က) ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ထောင်ဒဏ်တစ်သက်ဖြစ်စေ၊ သေဒဏ်ဖြစ်စေချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။
ထို့ပြင် ပုဒ်မ ၁၀ အရ ကာကွယ်ရေးဝန်ထမ်းဟောင်းတစ်ဦးဦးသည် ပုဂ္ဂလိကလုံခြုံရေးဝန်ထမ်းအဖြစ် လုပ်ကိုင်ဆောင်ရွက်လိုပါက သတ်မှတ်ချက်များနှင့်အညီ ဝန်ကြီးဌာနသို့ ခွင့်ပြုချက်လျှောက်ထားရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။
ပုဒ်မ ၁၁ ပုဒ်မခွဲ (က) တွင် ကာကွယ်ရေးဝန်ထမ်းဟောင်းတစ်ဦးဦးသည် ဝန်ကြီးဌာန၏ ခွင့်ပြုချက်မရှိဘဲ ပုဂ္ဂလိကလုံခြုံရေးဝန်ထမ်းအဖြစ် လုပ်ကိုင်ဆောင်ရွက်ခြင်းမပြုရ၊ ပုဒ်မ ၁၁ ပုဒ်မခွဲ (ခ) တွင် ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ပုဂ္ဂလိကလုံခြုံရေးဝန်ထမ်းအဖြစ် လုပ်ကိုင်ဆောင်ရွက်ရာတွင် သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။
မည်သည့်ကာကွယ်ရေးဝန်ထမ်း သို့မဟုတ် ကာကွယ်ရေးဝန်ထမ်းဟောင်းမဆို ပုဒ်မ ၁၁ ပုဒ်မခွဲ (က) ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်လျှင်ဖြစ်စေ၊ ပုဒ်မခွဲ (ခ) ပါ ပြဋ္ဌာန်းချက်ကို လိုက်နာဆောင်ရွက်ခြင်း မရှိလျှင်ဖြစ်စေ ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက ထိုသူကို အနည်းဆုံး ၃ နှစ်မှ အများဆုံး ၁၀ နှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေကျပ် ၁၀ သိန်းထက်မပိုသော ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။
