၂၈. ၇. ၂၀၂၅
Written by Phyo Wei
မြန်မာအစိုးရက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်တဲ့စင်ပြိုင်အဖွဲ့တွေကို ထောက်ခံပေးလေ့ရှိတဲ့ အရှေ့တီမောနိုင်ငံ(တီမောလက်စ်တေ)ဟာ ဒီဇူလိုင်လဆန်းပိုင်းမှာတင် သူတို့နိုင်ငံ အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်ဖို့ မြန်မာအစိုးရက ကန့်ကွက်မှုအပေါ် သမ္မတဟိုဆေး ရာမို့စ် ဟော်တာကိုယ်တိုင်က ပယ်ချပြီး အဓိပ္ပါယ်မရှိ၊ ကျိုးကြောင်းညီညွတ်မှုမရှိဘူးလို့ပြောခဲ့တာပါ။ ဟိုဆေးရာမို့စ် ဟော်တာဟာ SAC အစိုးရကို ကျရှုံးနေပြီလို့လည်း ၂၀၂၄ ခုနှစ်ထဲမှာ ကမ္ဘာသိပုပ်ခတ်၊ NUG ကို တရားဝင်အစိုးရအဖြစ်သတ်မှတ်ပြီး အခြားနိုင်ငံရဲ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ပြီး အာဆီယံမူဝါဒကို မလိုက်နာတဲ့နိုင်ငံတစ်ခုလည်း ဖြစ်နေပါသေးတယ်။ ဒီလို အာဆီယံမူဝါဒကို မလိုက်နာနိုင်တဲ့ တီမောဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်ချင်လာလို့ ကြိုးပမ်းမှုမှာ အခြားနိုင်ငံတွေ သဘောတူချိန် မြန်မာအစိုးရက ကန့်ကွက်တာကြောင့် သူတစ်ချိန်လုံး ပုပ်ခတ်ခဲ့တဲ့ SAC အစိုးရကို တီမော သံရုံးယာယီတာဝန်ခံက လာတွေ့ပြီးတော့ တီမောမြို့တော်ဒီလီမှာ မြန်မာသံရုံးလာဖွင့်ဖို့အထိ တောင်းဆိုခဲ့တာလည်း တွေ့ရပါတယ်။ အာဆီယံပဋိညာဥ် အခန်း (၆) အဖွဲ့ဝင်နိုင်ငံသစ်များ ဝင်ခွင့်ပြုခြင်းအခန်းက အပိုဒ် (၂) ရဲ့ အပိုဒ်ခွဲ (ခ)မှာ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်ချင်တဲ့ နိုင်ငံဟာ ”Recognition by all ASEAN Members State ( အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးက အသိအမှတ်ပြုခြင်း)”ဆိုပြီး တရားဝင်ပြဌာန်းထားတာဖြစ်လို့ မြန်မာအစိုးရကန့်ကွက်မှုဟာ တီမော အာဆီယံအဖွဲ့ဝင်နိုင်ငံမဖြစ်လာဖို့ လုံလောက်ပါတယ်။ ဒီလိုလုံလောက်တာသိလို့လည်း အာဆီယံချာတာမှာ ဒီလိုပါနေတာ အခုမှသိပုံရလို့လည်း တီမောသံရုံးယာယီတာဝန်ခံ အိုလန်ဒီနိုက နိုင်ငံခြားရေးဝန်ကြီးဌာနဆီ ပြေးလာပြီး အာဆီယံဝင်ခွင့်အတွက် SAC အစိုးရကို မျက်နှာချိုလာသွေးတာ ဒီတစ်ပတ်မှာမြင်ရပါတယ်။ တီမော အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်ဖို့ကြိုးပမ်းမှုမှာ တီမောထောက်ခံတဲ့ NUG က တီမောအာဆီယံ အဖွဲ့ဝင်နိုင်ငံဖြစ်ရေးလုပ်မပေးနိုင်ဘဲ SAC အစိုးရကသာ လုပ်ပေးနိုင်တယ်ဆိုတာ အခုမှ သိတာမို့လို့ လာခယပေမယ့် ကျောင်းမှန်းကန်မှန်းသိအောင်၊ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဟာ အခြားနိုင်ငံရဲ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်လို့မရဘူးဆိုတဲ့ သတ်မှတ်ချက်ကို နားလည်အောင် တီမောကို တစ်နှစ်လောက်တော့ ထပ်ပြီး ပညာပေးသင့်တယ်ဆိုတာမျိုးလည်း နိုင်ငံရေးလေ့လာသူတွေ ရှုမြင်ကြတာ ဒီတစ်ပတ်မှာ တွေ့ရပါတယ်။
အခြားတစ်ဖက်မှာလည်း ကမ္ဘောဒီးယားနိုင်ငံက ပိုင်ဆိုင်ပါတယ်လို့ ICJ ဆုံးဖြတ်ထားပေမဲ့ ထိုင်းက လောဘတက် သိမ်းယူထားလို့ မကျေမလည်ဖြစ်နေရတဲ့ ဗီဟာရဘုရားကျောင်းအကြိတ်အခဲက ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ကို စစ်ပွဲဖြစ်စေခဲ့သလို ဒီတိုက်ပွဲတွေကြောင့် မြန်မာနိုင်ငံသားတွေအနေနဲ့ အခက်အခဲရှိမယ်ဆို မြန်မာနိုင်ငံသံရုံးနဲ့ စစ်သံရုံးတွေထံ အကူအညီတောင်းခံနိုင်တယ်လို့ SAC အစိုးရပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြားလာတဲ့အခိုက်မှာပဲ ဗိုလ်ချုပ်ကြီးယွက်စစ်ပြောခဲ့တဲ့ PDF တွေဟာ သူခိုးဓားပြဖြစ်လာမှာဆိုတဲ့ နိမိတ်ဖတ်စကား မှန်ကန်မှုသက်သေအဖြစ် ဝက်လက်မြို့နယ်၊ လှတောရွာမှာ PDF တွေက အိမ်ရှင်အမျိုးသားကို ဓားနဲ့ထိုးသတ်ပြီး သိန်းရာချီလုယက်တဲ့ လူသတ်ဓားပြမှုကို PDF အမျိုးသမီးနှစ်ဦးက ဦးဆောင်ခဲ့တာ၊ ဒီလိုမျိုး PDF လေးဖွဲ့ထက်မနည်း စုပေါင်းတိုက်တဲ့ ဒီလူသတ်ဓားပြတိုက် တရားခံတွေကို အရေးမယူရဲသေးဘဲ NUG ထံ တင်ပြထားရတဲ့ဖြစ်စဉ်တွေ တွေ့မြင်ခဲ့ရပါတယ်။
ဒါ့အပြင်လည်း နောင်ချိုမြို့က အောင်ပွဲရ အရာရှိ၊ စစ်သည်တွေကို SAC ဒုတိယဥက္ကဋ္ဌကိုယ်တိုင် သွားရောက်တွေ့ဆုံပြီး စစ်မြေပြင်မှာ စွမ်းစွမ်းတမံထမ်းဆောင်ခဲ့မှုကြောင့် စစ်မြေပြင်တစ်ဆင့်မြင့်ရာထူး တိုးမြှင့်ခြင်းခံရတဲ့ စစ်သည်တော်တွေကို အဆင့်တံဆိပ်တွေ တပ်ဆင်ပေးခဲ့တာ၊ AA လက်အောက်ခံ GZA စစ်ဦးစီးချုပ်နဲ့ YDF အဖွဲ့ဝင်တွေကို YDF ခွဲထွက်အဖွဲ့က ပြန်ပြီး လုပ်ကြံကြတာ၊ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် SAC ဒုတိယဥက္ကဋ္ဌနဲ့ အိန္ဒိယနိုင်ငံ ဒုတိယစစ်ဦးစီးချုပ်တို့ တွေ့ဆုံဆွေးနွေးခဲ့အပြီးမှာ NUG ဩဇာခံပြီး AA နဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်တဲ့ မရာချင်း MDF လက်နက်ကိုင်အဖွဲ့က ဒုဥက္ကဋ္ဌအပါအဝင်သုံးဦးကို စစ်သုံးပစ္စည်းတွေနဲ့အတူ အိန္ဒိယ ဖမ်းဆီးလိုက်တာ၊ မြန်မာဘက်က လာရောက်ခိုလှုံနေတဲ့ ဒုက္ခသည်တွေ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမယ်ဆို ထောင်ကျခံရပြီးနောက်မှာ ပြည်နှင်ဒဏ်ပေးမယ်လို့ အိန္ဒိယဘက်က ညွှန်ကြားချက်အသစ်ထုတ်ပြန်လာတာ၊ TNLA နောင်ချိုမြို့ကို လုယက်သိမ်းယူခဲ့စဥ်က ကိုရင်နဲ့ ကျောင်းသားကျောင်းသူ ၄၀၀ ကို ပညာသင်ကြားပေးနေတဲ့ သဖန်းကိုင်း ပရဟိတဘုန်းတော်ကြီးသင် ပညာရေးကျောင်းက ကား ၈ စီးနဲ့ သံဃိကပစ္စည်းတွေ လုယက်ခဲ့ကြတယ်လို့ ကျောင်းထိုင်ဆရာတော် ဖွင့်ဟလာတာတွေအပြင် မြန်မာကို ကမ္ဘာနဲ့ ရင်ပေါင်တန်းနိုင်ဖို့ ဗိုလ်ချုပ်အောင်ဆန်း မျှော်မှန်းခဲ့သလို တိုင်းရင်းသားညီအစ်ကိုမောင်နှမအားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ လုပ်ကိုင်သွားကြဖို့ လိုအပ်ပြီဖြစ်တယ်လို့ SAC ဥက္ကဋ္ဌ ပြောကြားလာတဲ့ဖြစ်စဉ်တွေရှိပေမဲ့ ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်အဖြစ် ဘင်္ဂါလီတွေကို ညှင်းပန်းနှိပ်စက် ခေါင်းဖြတ်သတ်မှုအတွက် ICC က အရေးယူခံရသင့်တဲ့ AA အကြောင်း၊ မကြာမီရက်ပိုင်းအတွင်း ဖွဲ့စည်းသွားမယ့် ရွေးကောက်ပွဲကော်မရှင်အဆင့်ဆင့်အကြောင်းနဲ့ ရက် ၂၀ အတွင်း သုံးမြို့ပြန်သိမ်းခဲ့တဲ့ တပ်မတော်အကြောင်းတွေကို သုံးသပ်ချင်ပါတယ်။
◾ ဘင်္ဂါလီတွေကို ညှင်းပန်းနှိပ်စက် ခေါင်းဖြတ်သတ်မှုအတွက် ICC က အရေးယူခံရသင့်တဲ့ AA
လူ့အခွင့်အရေးလှုပ်ရှားမှုဆိုင်ရာ အဖွဲ့တစ်ခုဖြစ်တဲ့ Fortify Rights ဟာ စာမျက်နှာ ၁၁ မျက်နှာပါဝင်တဲ့ အစီရင်ခံစာတစ်ခုကို ထုတ်ပြန်လာခဲ့ပြီး ဒီထုတ်ပြန်စာမှာ အစွန်းရောက်ရခိုင် ထွန်းမြတ်နိုင်ဦးဆောင်တဲ့ ရက္ခိုင့်တပ်တော် (AA) ဟာ ရခိုင်ပြည်နယ်မှာ ထိန်းချုပ်ထားတဲ့ဒေသတွေက ယာယီထိန်းသိမ်းရေးစခန်းတွေနဲ့ ကျေးရွာတွေမှာ ဘင်္ဂါလီအရပ်သားတွေအပေါ် စစ်ဥပဒေတွေကို မလိုက်နာဘဲ ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာ တွေ့ရှိရကြောင်းနဲ့ AA က ဘင်္ဂါလီအရပ်သားတွေကို ပြန်ပေးဆွဲ၊ ညှဉ်းပန်းနှိပ်စက်၊ သတ်ဖြတ်မှုနဲ့ ခေါင်းဖြတ်သတ်ဖြတ်မှု အပါအဝင် ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကို နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) က စုံစမ်းစစ်ဆေးသင့်တယ်လို့ ပြောလာတာကို တွေ့ရပါတယ်။
“AA က ဘင်္ဂါလီတွေကို နေရာအနှံ့မှာ ပြန်ပေးဆွဲတာတွေ၊ ရက်စက်စွာ ညှဉ်းပန်းနှိပ်စက်တာတွေနဲ့ သတ်ဖြတ်တာတွေအတွက် တာဝန်ရှိပါတယ်။ တချို့ဆို ခေါင်းဖြတ်သတ်ဖြတ်ခံရတာတွေကိုလည်း တွေ့ခဲ့ရပါတယ်။ ဒါတွေက စစ်ဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာပဲဖြစ်ပါတယ်။ နိုင်ငံတကာ ရာဇဝတ်ခုံရုံးအနေနဲ့ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော ပြင်းထန်တဲ့ ရာဇဝတ်မှု ကျူးလွန်သူများကို တရားစွဲဆိုခွင့် အာဏာရှိပြီး၊ ရက္ခိုင့်တပ်တော်အတွင်းမှ ရာဇဝတ်မှုကျူးလွန်တဲ့ တရားခံများကိုလည်း စုံစမ်းစစ်ဆေးကာ တရားစွဲဆိုသင့်ပါတယ်။” လို့ Fortify Rights ရဲ့ လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေး အထူးတာဝန်ခံ ဧဂျက်ဇ်မင်းခန့်က ပြောပါတယ်။
ဒီအစီရင်ခံစာထဲမှာ AA လက်နက်ကိုင်အဖွဲ့က စစ်သုံပန်းနှစ်ဦးကို ညှင်းပန်းနှိပ်စက်သတ်ဖြတ်တဲ့ စစ်ရာဇဝတ်မှုကျူးလွန်တာ၊ အဘူဂျာရွာ၊ သရက်အုပ်ကျေးရွာက ဘင်္ဂါလီအမျိုးသား ၅ ဦးကို ၂၀၂၄ ခုနှစ်၊ ဧပြီလမှာ AA က ဖမ်းဆီးပြန်ပေးဆွဲခဲ့ပြီး ၅ ဦးစလုံး ညှင်းပန်းနှိပ်စက်သတ်ပစ်ရာမှာ ၄ ဦးကို ခေါင်းဖြတ်သတ်လိုက်တာ စတဲ့ မြင်သာထင်သာရှိတဲ့ AA ရဲ့ စစ်ရာဇဝတ်မှုကျူးလွန်တာတွေ ဖော်ပြထားပါတယ်။ ဒါ့အပြင် ၂ဝ၂၄ ခုနှစ်၊ ဩဂုတ်လ ၅ ရက်မှာ မောင်တောမြို့နယ် နတ်မြစ်အနီး ဘင်္ဂါလီရာချီကို AA က အစုလိုက် အပြုံလိုက်သတ်ဖြတ်တာ၊ ၂ဝ၂၄ ခုနှစ်၊ မေလက ဘင်္ဂါလီနေအိမ်တွေ မီးရှို့တာ စတဲ့ AA ရဲ့ စစ်ရာဇဝတ်မှုတွေကို သက်သေများစွာနဲ့ရေးသားထားသလို ICC က စစ်ဆေးသင့်တယ်လို့လည်း တောင်းဆိုထားတာ တွေ့ရပါတယ်။
တကယ်တော့ ဗမာလူမျိုးကြီးဝါဒလို့ လက်ညှိုးထိုးတတ်တဲ့ ရှမ်း၊ ကချင်၊ ရခိုင် စတဲ့ တိုင်းရင်းသားတွေထဲမှာ ရခိုင်တွေဟာလည်း ခွဲခြားဆက်ဆံတတ်တဲ့ လူမျိုးကြီးဝါဒကို အစွန်းရောက်သုံးစွဲတတ်ပြီး လွန်ခဲ့တဲ့ နှစ် ၂၀၀ ကျော်က ပျက်သုဉ်းသွားတဲ့ ရခိုင်ဘုရင့်နိုင်ငံတော်အိပ်မက်ကို လက်ရှိကာလမှာ AA က စစ်ဘုရင်ဝါဒနဲ့ ပြန်အသက်သွင်းနေတာပါ။ ဒီအသက်သွင်းနေတဲ့ ရခိုင်ဘုရင့်နိုင်ငံတော်အိပ်မက်မှာ ဘင်္ဂါလီတွေကို ကျွန်ပြုနှိပ်စက်ဖို့ ရည်ရွယ်ချက်ကြီးကြီးမားမားပါသလို လူမျိုးမတူတဲ့သူတွေကို လိင်ကျွန်၊ စစ်ကျွန်အဖြစ် ခိုင်းစေဖို့လည်း ကြံစည်နေတာကို ပလက်၀က ချင်းလူမျိုးတွေအပေါ် AA လက်နက်ကိုင်တွေက ကျောင်းသူတွေ၊ ကိုယ်ဝန်သည်တွေပါမချန် မုဒိမ်းကျင့်သတ်ဖြတ်နေတဲ့လုပ်ရပ်တွေက သက်သေပြနေပါတယ်။ ဒါတွေဟာ လူမျိုးရေး အမုန်းတရားကို ရေးသားနေတာမဟုတ်ဘဲ ဘင်္ဂါလီတွေ၊ ချင်းလူမျိုးတွေ၊ ရခိုင်မဟုတ်တဲ့ အခြားတိုင်းရင်းသားများစွာကို AA က ဖိနှိပ် နှိပ်စက်နေတဲ့ စစ်ရာဇဝတ်မှုများစွာကို အခြေခံပြီးပြောနေရတာဖြစ်ပါတယ်။ AA ရဲ့ အစွန်းရောက်ရခိုင်မျိုးချစ်စိတ်ဟာ AA မထောက်ခံတဲ့ ရခိုင်တွေအပေါ်မှာလည်း ဆိုးဆိုးရွားရွားဖိနှိပ်နေလို့ အခုဆို ရခိုင်လူမျိုးတွေကိုယ်တိုင် AA ထိန်းချုပ်ထားတဲ့နေရာတွေမှာ ဝဲပေါက်၊ ကုန်စျေးနှုန်းအဆမတန်တက်၊ အစားတစ်လုတ်အတွက် AA ကို ကာမဆက်သနေရတဲ့ ဘ၀ဆိုးတွေ လည်စင်းမခံနိုင်တော့လို့ လူတစ်ယောက်ကို သိန်းရာဂဏန်းအကုန်ခံပြီး ရန်ကုန်လို အေးချမ်းရာနေရာတွေဆီ ငွေကုန်ခံထွက်ပြေးနေတာတွေက သက်သေပြနေပါတယ်။ မြေပြင်မှာလည်း လက်ရှိရေးသားပြတာထက်ဆိုးရွားတာတွေ ကြုံနေရပေမဲ့ ရခိုင်အများစုကတော့ မိသားစုလိုက် လက်စဖျောက်ခံရမှာစိုးလို့ အသံမထွက်ရဲတဲ့ အခြေအနေပါ။

◾ မကြာမီရက်ပိုင်းအတွင်း ဖွဲ့စည်းသွားမယ့် ရွေးကောက်ပွဲကော်မရှင်အဆင့်ဆင့်
လာမယ့် ဒီဇင်ဘာလအတွင်း လုပ်ဆောင်မယ့်ရွေးကောက်ပွဲဟာ အချိန် ၄ လကျော်သာ ကြားထဲမှာရှိတော့ပေမယ့် ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ ကော်မရှင်အဆင့်ဆင့်တောင် မဖွဲ့စည်းရသေးတာကြောင့် မီဒီယာတွေက မေးမြန်းတဲ့အခါမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းမှာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိပြီး တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်နဲ့ ရပ်ကျေး ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်ကို မကြာမီရက်ပိုင်းအတွင်း ခန့်အပ်ဖွဲ့စည်းသွားမယ်လို့ ဒီတစ်ပတ်မှာ ဖြေကြားလာတာ တွေ့ရပါတယ်။
ပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲကို အခု ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ တတိယပတ်ကနေ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ဒုတိယပတ်အတွင်း ကျင်းပပြုလုပ်ဖို့လျာထားပြီး ရွေးကောက်ပွဲ အထမြောက်တဲ့အဆင့်ကို ဦးစားပေးပြီးမြောက်အောင် ဆောင်ရွက်မယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌက ပြောကြားထားသလို ဒီနှစ်ကုန်မှာ ကျင်းပမယ့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ မဲအများဆုံးရသူအနိုင်စနစ် (FPTP) နဲ့ အချိုးကျကိုယ်စားပြုစနစ် (PR) နှစ်မျိုးလုံး အသုံးပြုဆောင်ရွက်မှာဖြစ်ပြီး လက်ရှိစာရင်းတွေအရ မြို့နယ်ပေါင်း ၂၆၇ မြို့နယ် ကျင်းပမယ်လို့လည်း UEC က ဇွန်လ ၆ ရက်မှာ ဖြေကြားထားပါသေးတယ်။
၂၀၂၀ ရွေးကောက်ပွဲ မဲမသမာမှုမှာ NLD ပါတီခေါင်းဆောင်ဟောင်းတွေနဲ့ NLD အစိုးရအဖွဲ့ဟောင်းခေါင်းဆောင်တွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နဲ့ ဒေါက်တာဇော်မြင့်မောင်(သေရွာပါတဲ့အထိ) တို့ဟာ ဒီနေ့ဒီကာလအထိ မဲမသမာမှုမလုပ်ပါဘူးလို့ တစ်လုံးတစ်ပါဒမှ မငြင်းရဲကြတဲ့နောက်၊ နိုင်ငံရေးအကျပ်အတည်းဖြစ်လို့ လက်နက်ကိုင်ကြပြီး လက်နက်မဲ့ပြည်သူတွေကိုပါ လိုက်သတ်နေကြတဲ့နောက်မှာ အစိုးရနဲ့တပ်မတော်ကိုပါ ဝေဖန်နိုင်တဲ့ ဒီမိုကရေစီနဲ့ လွှတ်တော်ကို ပြန်လည်မွေးဖွားဖို့ မျှော်လင့်နေတဲ့ပြည်သူ အများကြီးရှိပါတယ်။ ဒီလိုပြည်သူတွေဟာ လတ်တလောမှာ လက်နက်ကိုင်တွေ၊ တိုက်ပွဲတွေအကြား တပ်မတော်အရေးသာလာတာမြင်ရပေမယ့်လည်း အပြတ်အသတ်အနိုင်ရဖို့ဟာ အချိန်ဆယ်စုနှစ်ချီကြာဦးမှာလည်း တွေးဆမိကြသူတွေပါ။ ဒါကြောင့်မို့လို့ ရွေးကောက်ပွဲဖြစ်မြောက်စေလိုသူတွေက အေးချမ်းတဲ့နေရာတွေ ရွေးကောက်ပွဲလုပ်ပြီးလွှတ်တော်နဲ့ အစိုးရနဲ့ ဒီမိုကရေစီနဲ့ ခရီးဆက်ချင်ကြတာပါ။ ရွေးကောက်ပွဲလက်မခံဘူးဆိုတဲ့ လက်နက်ကိုင်ဘက်ခြမ်းကိုတော့ ရွေးကောက်ပွဲလက်ခံလာအောင် တပ်မတော်နဲ့အစိုးရက တဖြည်းဖြည်းကြိုးပမ်းယူကြပါဆိုတဲ့ အမြင်သဘောရှိပြီး နိုင်ငံနဲ့ ပြည်သူထွက်ပေါက်က ရွေးကောက်ပွဲပဲရှိတယ်လို့ ငြိမ်းချမ်းစွာနေထိုင်ချင်သူတွေက ယုံကြည်ထားသူတွေပါ။ ဒီလိုအခြေအနေမှာ တစ်သန်းတောင်မပြည့်တဲ့ လက်နက်ကိုင်အချင်းချင်း ဆက်ချနေဦးမှာမို့လို့ ရွေးကောက်ပွဲမလုပ်ပါနဲ့ဆိုတာဟာ သန်း ၅၀ ကျော် လူထုအတွက် မမျှတသလို ရွေးကောက်ပွဲလက်မခံဘူးဆိုသူတွေကိုလည်း လက်နက်ကိုင်အချင်းချင်း ဆယ်စုနှစ်ချီ ချနေကြတဲ့အထဲ မြေစာပင်အဖြစ်ခံနိုင်လား မေးခွန်းထုတ်ရပါမယ်။ သေချာတာကတော့ ဒီနိုင်ငံမှာ စစ်ဆက်ဖြစ်ချင်တဲ့ ရွေးကောက်ပွဲလက်မခံလိုသူတွေအတွက်လည်း စစ်ပွဲထဲ ဆက်နေခွင့်ရှိပြီး စစ်ကိုမလိုချင်သူတွေအတွက်လည်း ဒီမိုကရေစီတစ်ကျော့ပြန်ရမယ့်ရွေးကောက်ပွဲကို တပ်မတော်က ဦးဆောင်ဦးရွက်ပြု ကျင်းပပေးမှာဖြစ်လို့ ကိုယ်နေချင်တဲ့ဘက် ကိုယ်ရွေးချယ်ခွင့်ရှိနေပါတယ်။ ဒါကြောင့်မို့်လို့ စစ်ပွဲကြားနေလိုသူတွေကို ပြောချင်မိတာက ရွေးကောက်ပွဲဖြစ်မြောက်ပြီး ဒီမိုကရေစီနဲ့ ဆက်သွားချင်သူတွေကို ရွေးကောက်ပွဲလက်မခံဘူးဆိုပြီး ကန့်ကွက်နှောင့်ယှက်ခြင်းဟာ မပြုသင့်ကြောင်းနဲ့ ကိုယ်နေချင်တဲ့စစ်ပွဲထဲ ကိုယ့်ဘာသာဝဋ်ဆင်းရဲခံ လွတ်လွတ်လပ်လပ်နေခဲ့ကြပါလို့ပဲ ပြောလိုပါတယ်။
◾ ရက် ၂၀ မပြည့်ခင် သုံးမြို့ပြန်သိမ်းခဲ့တဲ့ တပ်မတော်
ပြည်ပနိုင်ငံ ထောက်ကူမှုတွေပါဝင်တဲ့ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းမှာ မြို့များစွာ လက်လွှတ်ခဲ့ရပေမဲ့ တပ်မတော်က PDF နဲ့ လက်နက်ကိုင်တွေ လက်အောက် ကျရောက်နေတဲ့ မြို့တွေကို ဆက်တိုက်ပြန်လည်သိမ်းယူနေရာမှာ ဒီလထဲမှာပဲ ၁၅ ရက်တာကာလအတွင်း တတိယမြောက်မြို့သိမ်းယူမှုအဖြစ် သပိတ်ကျင်းမြိုကို ပြန်လည် တိုက်ခိုက်သိမ်းယူလိုက်ပြီဖြစ်ပါတယ်။
တပ်မတော်ဟာ ကယားလက်နက်ကိုင် KNDF နဲ့ PDF တွေ သုံးနှစ်ကျော်တိုက်ခိုက်ပြီး တစ်နှစ်ကျော် သိမ်းယူထားတဲ့ မိုးဗြဲမြို့ကို ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်က ပြန်လည်တိုက်ခိုက်သိမ်းယူခဲ့ကြောင်း အတည်ပြုထုတ်ပြန်ခဲ့သလို ပြီးခဲ့တဲ့ ဇူလိုင် ၁၆ ရက်မှာလည်း နောင်ချိုမြို့ကို သိမ်းယူ ကြီးစိုးထားတဲ့ TNLA, DPLA နဲ့ MDY PDF တို့ကို နောင်ချိုမြိုက ပြန်လည်တိုက်ထုတ်ပြီး နောင်ချိုမြို့ကို သိမ်းပိုက်ခဲ့ပါတယ်။ နောင်ချိုအောင်ပွဲ ထုတ်ပြန်ပြီးလို့ ခြောက်ရက်မြောက်ဖြစ်တဲ့ ဇူလိုင် ၂၂ ရက်မှာပဲ သပိတ်ကျင်းမြို့ကို သိမ်းယူထားတဲ့ NUG ရဲ့ PDF တွေ TNLA နဲ့ MDY PDF တို့ဟာ တပ်မတော်ရဲ့ ထိုးစစ်ကို မခံနိုင်ဘဲ အကုန်ထွက်ပြေးကြလို့ တပ်မတော်က ၁၅ ရက်အတွင်း မြို့သုံးမြို့ဆက်တိုက် သိမ်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
တပ်မတော်ဟာ မြို့သုံးမြို့ဆက်တိုက်သိမ်းပွဲထဲက မိုးဗြဲနဲ့နောင်ချိုမှာ PDF/လက်နက်ကိုင်အလောင်း ၁၉၀ ကျော် ရခဲ့တဲ့အပြင် လက်နက်ခဲယမ်းများစွာလည်း သိမ်းယူနိုင်ခဲ့သလို သပိတ်ကျင်းမြိုပြန်လည်သိမ်းပိုက် တိုက်ပွဲကာလအတွင်းမှာလည်း ရန်သူ့ အလောင်း ၅၁ လောင်း၊ လက်နက်မျိုးစုံ ၁၁၂ လက်နဲ့ ဆက်စပ်ပစ္စည်းများစွာ သိမ်းပိုက်ရရှိခဲ့တာကြောင့် ဒီမြို့သိမ်းတိုက်ပွဲတွေအတွင်း PDF နဲ့ လက်နက်ကိုင် အလောင်း ၂၅၀ လောက်ရခဲ့တာလို့ ဆိုရမှာဖြစ်ပေမဲ့ PKPF ထုတ်ပြန်ချက်နဲ့ အလောင်းပြန်ဆွဲသွားတဲ့ဖြစ်စဥ်တွေကြောင့် ဒီတိုက်ပွဲသုံးခုမှာ PDF နဲ့ အကြမ်းဖက် လက်နက်ကိုင်တွေ ၅၀၀ နဲ့ ၁၀၀၀ အကြား သေဆုံးကုန်ကြဖွယ်လည်း ရှိနေခဲ့တာပါ။
ဒရုန်းတပ်ကို တပ်မတော်က ဖွဲ့စည်းပြီးနောက်မှာ မြေပြင်ထိုးစစ်တွေထက် သက်သက်သာသာတိုက်နိုင်တဲ့ ဒရုန်းတွေက တပ်မတော်အတွက် စစ်တပ်နောက်တစ်ခုစာ ဖွဲ့စည်းလိုက်သလို ဖြစ်ခဲ့တာပါ။ ACLED အပါအဝင် ပြည်ပစစ်တမ်းတွေအရလည်း တပ်မတော်ရဲ့ ဒရုန်းတိုက်စစ်က သုံးနှစ်လုံးလုံး ဒရုန်း အသာစီးယူတိုက်ခဲ့တဲ့ PDF နဲ့ EAOs တွေထက် ဒီနှစ်မှာ ကျော်လွန်သွားခဲ့တာလည်း တွေ့ရလို့ ဒီအားသာချက်ကို ဆက်လက်ကိုင်စွဲပြီး လူထုကို လိမ်ညာအယုံသွင်းပြီး မြို့တွေသိမ်းထားတဲ့ PDF နဲ့ EAOs တွေဆီရောက်နေတဲ့ သယံဇာတထွက်တဲ့ မြေပါမချန် ပိုင်ဆိုင်မှုအကုန်သိမ်းယူထားတဲ့ မိုးကုတ်၊ ကျောက်မဲ၊ သီပေါ၊ စဉ့်ကူး စတဲ့မြို့တွေအပါအဝင် အသိမ်းခံထားရတဲ့မြို့တွေအားလုံး တဖြည်းဖြည်းပြန်သိမ်းယူပြဖို့ လိုအပ်မှာပါ။ ဒီလိုမျိုး မြို့တွေ ပြန်သိမ်းနိုင်မှ တပ်မတော်က စစ်နိုင်သွားပြီဆိုပြီး အားလုံးက အသိအမှတ်ပြုခံရမှ ငြိမ်းချမ်းရေးစကားကို အပေါ်စီးကပြောပြီး ငြိမ်းချမ်းရေးယူမလား၊ အပြုတ်အတိုက်ခံမလားဆိုတာနဲ့ တိုင်းပြည်ရဲ့ ဖက်ဒရယ်ဒီမိုကရေစီခရီးလမ်းကို အချိန်တိုတိုနဲ့ ဖြောင့်ဖြောင့်ဖြူးဖြူးသွားနိုင်မှာပါ။
လက်ရှိအချိန်မှာ ရက် ၂၀ လောက်အတွင်း မြို့သုံးမြို့သိမ်းတဲ့အပြင် စစ်မျက်နှာတိုင်းမှာ အောင်ပွဲရနေတယ်ဆိုပေမဲ့ ဒီအောင်ပွဲတွေက မြေပြင်မှာ အသိမ်းခံထားရတဲ့ မြို့ ၉၀ ကျော်ရဲ့ ငါးရာခိုင်နှုန်းလောက်တောင် မရှိသေးတာမို့ ရွေးကောက်ပွဲမတိုင်ခင်နဲ့ အာဏာလွှဲပြောင်းမှုမပြုခင် ကာလအတွင်းမှာ မြို့ အနည်းဆုံး ၂၀ နဲ့ ၃၀ ကြားလောက်၊ ပြန်သိမ်းနိုင်ဖို့ ထပ်မပေးရဖို့ စွမ်းဆောင်ပြဖို့ လိုအပ်ပါလိမ့်မယ်။ ဒီလို မြို့တွေ သိမ်းပြီးရင်လည်း သိမ်းလိုက်တဲ့မြို့တွေမှာ ကြားဖြတ်ရွေးကောက်ပွဲတွေ လုပ်ပေးခြင်းအားဖြင့်ပဲ လာမယ့်နှစ် ဧပြီ ၁ ရက်လောက်မှာ စတင်လည်ပတ်နိုင်မယ့် ရွေးကောက်ခံအစိုးရကို Check & Balance လုပ်နိုင်မယ့် လွတ်တော်ကိုယ်စားလှယ်တွေ ကြားဖြတ်ရွေးကောက်ပွဲကနေ ဆက်လက် ရွေးကောက်ပြီး သိက္ခာရှိလွှတ်တော်အဖြစ် အောင်အောင်မြင်မြင်လည်ပတ်စေနိုင်မှာဖြစ်ပါတယ်။ အထူးသဖြင့် ဒီလိုမြို့တွေ ပြန်သိမ်းတဲ့အခါ သယံဇာတတွေ တရဟောထွက်နေပြီး လက်နက်ကိုင်တွေ စစ်ဆက်တိုက်ဖို့ ငွေရနေတဲ့ စဉ့်ကူး၊ မိုးကုတ်၊ ဖားကန့်၊ ကချင်အထူးဒေသ (၁) စတဲ့နေရာတွေ၊ စစ်ရေးအရ အရေးပါတဲ့နေရာတွေနဲ့ တိုင်းပြည်သိက္ခာအတွက်အဓိကကျတဲ့ နယ်စပ်ဝင်ထွက်ဂိတ်ရှိရာနေရာတွေဟာ ဦးစားပေးသိမ်းယူ တိုက်ယူရမယ့်နေရာတွေပါ။ ဒီလိုနေရာတွေက PDF နဲ့ EAOs လက်ထဲ အများကြီးမရှိလို့လည်း ဒီလိုအရေးပါတဲ့မြို့တွေ ပြန် တိုက်ယူနိုင်ခြင်းဟာ နိုင်ငံမပြိုကွဲဖို့အာမခံချက်နဲ့ စစ်နိုင်ခြင်းရဲ့ အဓိကပြယုဂ်ဖြစ်လာမှာမို့ ရွေးကောက်ပွဲမလာခင် ထပ်သိမ်းပြလောက်မယ့် မြို့တွေကို နိုင်ငံတစ်စစီကွဲမထွက်စေချင်တဲ့ ပြည်သူတွေက လက်ခုပ်တီး ရေတွက် ကြိုနေကြပါတယ်လို့ ပြောရင်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက် ရပ်နားပါရစေ။
