
၂၈. ၇. ၂၀၂၅
Written by Nyein Kyaw
ငလျင်ကြောင့် နေအိမ်တိုက်တာအိုးအိမ်ပျက်စီးမှုများ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများအတွက် နောက်ထပ် ကျပ် ၂ ထရီလျံ ဆက်လက်ထောက်ပံ့ပေးနေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ပြုလုပ်သည့် ငလျင်ကာလအလွန် နည်းပညာဆိုင်ရာ ဆွေးနွေးပွဲ (Post Earthquake Technical Forum) ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားသည်။
မြန်မာနိုင်ငံ၌ စတင်ပြီးသမိုင်းမှတ်တမ်းတင်နိုင်ခဲ့သည့် ၁၈၃၉ ခုနှစ်မှ ယနေ့ ကာလအထိ ရစ်ချ်တာစကေး ၆ နှင့်အထက် ငလျင်ကြီးပေါင်းအကြိမ် ၂၀ ခန့်လှုပ်ခတ်ခဲ့မှုကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည်ကို သမိုင်းမှတ်တမ်းများအရ သိရှိကြပြီးဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်က ရစ်ချ်တာစကေး ၇ ဒသမ ၇ ဖြင့် လှုပ်ခတ်သွားခဲ့ပြီး မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး ၅ ခု၌ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်စေခဲ့သည့် မန္တလေးငလျင်ကြီးသည်လည်း စစ်ကိုင်းပြတ်ရွေ့ကြောပေါ်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်ကို အားလုံးသိရှိပြီးဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

အဆိုပါ မန္တလေးငလျင်ကြီးကြောင့် ရဟန်းရှင်လူပြည်သူ ၃,၇၃၉ ဦး အသက်ဆုံးရှုံးခဲ့ရပြီး ကမ္ဘာပေါ် ဖြစ်ပွားခဲ့သည့် အသက်ဆုံးရှုံးမှုအရေအတွက် သိန်းဂဏန်းရှိသော ငလျင်ကြီးများနှင့် နှိုင်းယှဉ်ပါက များစွာလျော့နည်းသက်သာသော်လည်း မိမိတို့နိုင်ငံအတွက် ကြေကွဲဝမ်းနည်းဖွယ်ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ရကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
အခြေခံအဆောက် အအုံ ပျက်စီးမှုများအနေဖြင့် လူနေအိမ် ၅၀,၀၀၀ ကျော်အပါအဝင် လမ်း၊ တံတားများ၊ တာဝါတိုင်များ၊ ကျောင်း၊ ဆေးရုံများ၊ သာသနိက အဆောက်အဦများ၊ စက်ရုံ/အလုပ်ရုံများစွာ ထိခိုက်ပျက်စီးခဲ့ရကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ပြည်သူများကို နေအိမ်တိုက်တာအိုးအိမ်ပျက်စီးမှုများ ပြန်လည်ထူထောင်နိုင်ရေးကိုလည်း နိုင်ငံတော်က ကနဦးမတည်ငွေ ကျပ်ငွေ ၅၀၀ ဘီလျံ ထောက်ပံ့ ဆောင်ရွက်ပေးထားပြီး ဖြစ်သည့်အပြင် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများအတွက် နောက်ထပ် ကျပ်ငွေ ၂ ထရီလျံကိုလည်း ဆက်လက်ထောက်ပံ့ပေးနေကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ယနေ့ ကျင်းပပြုလုပ်သည့် “ငလျင်ကာလအလွန် နည်းပညာဆိုင်ရာဆွေးနွေးပွဲ (Post-Earthquake Technical Forum)” သည် ဖြစ်ပွားပြီးဖြစ်သည့် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးရမှုများကို ပြန်လည်ကုစားရန်နှင့် ပြန်လည်ပြုပြင် တည်ဆောက်ရန်အတွက်သာမက ငလျင်ပြတ်ရွေ့ကြောပေါ်တွင် တည်ရှိနေသည့် မိမိတိုမြန်မာနိုင်ငံအနေဖြင့် အနာဂတ်ကာလများတွင် ငလျင်အန္တရာယ်ရင်ဆိုင်ရသည့်အခါ ထိခိုက်ဆုံးရှုးမှုအနည်းဆုံးဖြစ်အောင် မည်ကဲ့သိုကြိုတင်ပြင်ဆင် ဆောင်ရွက်ကြမည်ဆိုသည်ကို ဆွေးနွေးညှိနှိုင်းကြမည်ဖြစ်သောကြောင့် မိမိတိုနိုင်ငံရှိ တည်ဆောက်ရေးကဏ္ဍ၏ လိုအပ်ချက်များကို ထိရောက်အကျိုးရှိစွာ ဖော်ထုတ်ဆွေးနွေးပေးကြရန် SAC ဥက္ကဋ္ဌက မှာကြားခဲ့သည်။
