
၂၈.၇.၂၀၂၅
Written by Hey Mar
တွဲကားတစ်စီး ဘရိတ်ပေါက်ကာ လမ်းဘေးနေအိမ်ထဲဝင်ရောက်ခဲ့လို့ အမျိုးသားတစ်ဦးထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိခဲ့ပြီး နေအိမ်ပျက်စီးဆုံးရှုံးမှုဖြစ်စဉ်တချို့ မနေ့က ဇူလိုင် ၂၇ ရက်နေ့ မနက်အစောပိုင်းက ရန်ကုန်တိုင်း ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ လူမှုကူညီရေး အသင်းတချို့ထံကနေ သိရပါတယ်။
ဖြစ်စဉ် ဖြစ်ပွားတာက ဒဂုံဆိပ်ကမ်း (၆၇) ရပ်ကွက်၊ ရတနာလမ်းမကြီး၊ အောက်ကွေ့ကားမှတ်တိုင်အနီးမှာ ဇူလိုင် ၂၇ ရက်နေ့ မနက် ၂ နာရီ ဝန်းကျင်က ဖြစ်ပွားခဲ့ပြီး အဆိုပါ တွဲကားဝင်ရောက်သွားတဲ့ နေအိမ်က တစ်နိုင်တစ်ပိုင် အထည်ချုပ်လုပ်ငန်း လုပ်ကိုင်တဲ့ နေအိမ်ဖြစ်တယ်လို့ သိရပါတယ်။ မနက်အစောပိုင်း နှစ်နာရီလောက်မှာ ဖြစ်တာမို့ အလုပ်သမားတွေမရှိတဲ့အတွက် ညစောင့်အိပ်တဲ့ လူတစ်ဦးသာထိခိုက်မှု အနည်းငယ် ရှိခဲ့ပြီး မော်တာစက် ဆယ်လုံးခန့်နဲ့ အလုပ်ရုံကတော့ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ အကြင်နာကုသိုလ်ပြု လူမှုကူညီရေးအသင်းတာဝန်ရှိသူက ” အိမ်အလုံးက အနောက်မှာရှိတာ။ အိမ်အရှေ့ဘက်နဲ့ ဘေးဘက်ကို အဖီထုတ်ပြီး အထည်ချုပ်ရုံလုပ်ထားတာ။ တွဲကားကလည်း မိုးရွာထားတဲ့လမ်းပေါ် အရှိန်လွန် ဘရိတ်ပေါက် လမ်းချော်ပြီး အိမ်ထဲ ဝင်သွားတာ” လို့ ဖြစ်စဉ်ကို MT News ကို ပြောပါတယ်။
အခင်းဖြစ်ရပ်ကြောင့် အိမ်ရှေ့ အလုပ်ခန်းမှာ အိပ်နေတဲ့ အသက် ၃၀ ကျော်အမျိုးသားတစ်ဦးမှာ မစိုးရိမ်ရ ပွန်းပဲ့ ဒဏ်ရာတွေ ရရှိခဲ့တာကြောင့် အကြင်နာကုသိုလ်ပြု လူမှုကူညီရေး အသင်းပိုင်ယာဉ်နဲ့ နီးစပ်ရာ ပုဂ္ဂလိက ဆေးခန်းကို ပို့ဆောင်ပေးခဲ့ကာ တွဲကားယာဉ်မောင်းကတော့ ကားကိုထားပြီး ထွက်ပြေးခဲ့ တယ်လို့ သိရပါတယ်။
