
၂၈. ၇. ၂၀၂၅
Translated by Thettant

အိန္ဒိယနိုင်ငံ၊ အတ္တာပရာဒက်ရှ်ပြည်နယ်ရှိ ဘုရားကျောင်းတစ်ခုအပြင်ဘက်တွင် မျောက်တစ်ကောင်ကြောင့် လျှပ်စစ်ဝိုင်ယာကြိုးပြတ်ကျကာ ဟိန္ဒူဘာသာဝင် ဘုရားဖူးများ ဓာတ်လိုက်မှုနှင့် အထိတ်တလန့်လူအုပ်ပြိုမှုဖြစ်ပွားခဲ့ပြီးနောက် လူနှစ်ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မြောက်ပိုင်းပြည်နယ် အတ္တာပရာဒက်ရှ်ပြည်နယ်ရှိ ဘရာဘန်ကီဒေသ၊ အော်ဆန်နက်ရှ်ဝါ မဟာဒေ့ဗ်ဘုရားကျောင်းတွင် မျောက်အုပ်တစ်အုပ်က လျှပ်စစ်ဝိုင်ယာကြိုးပေါ် ခုန်တက်ခဲ့ရာမှ ဝိုင်ယာကြိုးပြတ်ကျပြီး လူများကို ဓာတ်လိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် ဘုရားဖူးများ ထိတ်လန့်တကြား ထွက်ပြေးခဲ့ကြသည်။ ထိုဖြစ်စဉ်တွင် အနည်းဆုံး လူ ၁၉ ဦး ဓာတ်လိုက်ခဲ့ရပြီး ၂ ဒါဇင်ကျော်မှာမူ ထိတ်လန့်တကြား ထွက်ပြေးမှုအတွင်း ဒဏ်ရာရရှိခဲ့ကြောင်း ခရိုင်တရားသူကြီး Shashank Tripathi က ပြောကြားခဲ့သည်။
ယင်းဖြစ်ရပ်သည် ယမန်နေ့ တနင်္ဂနွေနေ့ ဒေသစံတော်ချိန် နံနက် ၂ နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ဘုရားဖူးအများအပြားသည် Shravan ဟုခေါ်သော သန့်ရှင်းသောလအတွင်း တနင်္လာနေ့ ပူဇော်ပွဲများအတွက် ဘုရားကျောင်းသို့ စတင်ရောက်ရှိလာချိန်ဖြစ်သည်။ Shravan သည် ဟိန္ဒူပြက္ခဒိန်တွင် မြင့်မြတ်သော ကာလဖြစ်ပြီး တနင်္လာနေ့များတွင် လူအများအပြား ဥပုသ်စောင့်လေ့ရှိသည်။
လျှပ်စစ်ဝိုင်ယာကြိုးပြတ်ကျမှုကြောင့် ဘုရားကျောင်းဝင်းအတွင်းရှိ သွပ်မိုးအဆောက်အအုံသုံးခုကို ဓာတ်လိုက်ခဲ့ကြောင်း မစ္စတာ Tripathi က ပြောကြားခဲ့သည်။ “မျောက်တစ်ကောင်က လျှပ်စစ်ဝိုင်ယာကြိုးပေါ် ခုန်ချလိုက်တဲ့အခါ အဲဒါက အမိုးပေါ်ကို ပြုတ်ကျခဲ့ပါတယ်။ ဒါကြောင့် ဓာတ်လိုက်မှု ဖြစ်ပွားခဲ့တာပါ။ ဒဏ်ရာရသူတွေကို ဆေးကုသပေးနေပါတယ်။ လူ ၁၉ ဦးလောက် ဒဏ်ရာရခဲ့ပြီး နှစ်ဦးကတော့ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိပါတယ်” ဟု ၎င်းက သတင်းထောက်များကို ပြောကြားခဲ့သည်။

အတ္တာပရာဒက်ရှ်ပြည်နယ်ဝန်ကြီးချုပ် Yogi Adityanath က ထိခိုက်ခံရသူများ၏ မိသားစုများကို ဝမ်းနည်းကြောင်း ပြောကြားခဲ့ပြီး သေဆုံးသူများ၏ မိသားစုဝင်တစ်ဦးလျှင် ရူပီး ၅၀၀,၀၀၀ (ပေါင် ၄,၃၀၀) စီ လျော်ကြေးပေးအပ်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
ယင်းဖြစ်ရပ်သည် တနင်္ဂနွေနေ့တစ်ရက်တည်းတွင် ဘုရားဖူးများနှင့် ပတ်သက်သည့် ဒုတိယမြောက် သေဆုံးမှုဖြစ်သည်။ အိမ်နီးချင်းပြည်နယ်ဖြစ်သည့် အတ္တရာခန်ပြည်နယ်၊ ဟာရစ်ဝါမြို့ရှိ မန်ဆာဒေဝီ ဘုရားကျောင်းတွင်လည်း လူစုလူဝေး ထိန်းမနိုင်ဖြစ်ကာ အနည်းဆုံး လူ ၈ ဦး သေဆုံးပြီး ၃၀ ဦး ဒဏ်ရာရရှိခဲ့သည်။ ထိုဖြစ်ရပ်မှာလည်း လျှပ်စစ်ဓာတ်အားလိုင်းပြတ်ကျကြောင်း ကောလာဟလပျံ့နှံ့ပြီးနောက် ဘုရားကျောင်းသို့ တက်သည့် လှေကားထစ်ပေါ်ရှိ လူများအကြား ထိတ်လန့်မှုဖြစ်ပွားရာမှ လူအုပ်ပြိုမှု စတင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
အိန္ဒိယနိုင်ငံရှိ ဘာသာရေးပွဲတော်များတွင် လူစုလူဝေးကြောင့် ဖြစ်ပွားသော မတော်တဆမှုများမှာ မဆန်းသစ်ပေ။ ၎င်းတို့ကို အများအားဖြင့် လူစုလူဝေး စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းကြောင့်ဟု အပြစ်တင်ကြသည်။

ယခုနှစ် ဇန်နဝါရီလကုန်ပိုင်းကလည်း အိန္ဒိယနိုင်ငံ ပရေရာဂရဂျ်ရှိ Maha Kumbh Mela ဘုရားကျောင်း၌ ဟိန္ဒူဘုရားဖူး အနည်းဆုံး ၃၀ အထက် သေဆုံးခဲ့ရသည်ဟု ထုတ်ပြန်ခဲ့သော်လည်း မီဒီယာများ၏ စုံစမ်းစစ်ဆေးမှုများအရ ထုတ်ပြန်သော သေဆုံးသူအရေအတွက်မှာ တရားဝင်ကိန်းဂဏန်းများထက် များစွာကျော်လွန်ခဲ့သည်။
Ref, Independent
