၂၈. ၇. ၂၀၂၅
Written by Nay Moe
KNU နှင့် PDF များက ပုတိမ်ရိုးကျေးရွာ၊ အခြေခံ ပညာအထက်တန်းကျောင်းခွဲအနီးတွင် တောင်စွန်းကျေးရွာမှ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေး အဖွဲ့ဝင်နှစ်ဦးကို ပစ်သတ်လိုက်ကြသည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ ဇူလိုင် ၂၆ ရက် ညနေ ၅ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ပုတိမ်ရိုးကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားနှစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ သထုံမြို့နယ်၊ တောင်စွန်းကျေးရွာနေ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေး အဖွဲ့ဝင်များဖြစ်ကြသည့် ဦးသန်းဇော်ဦး(၃၈)နှစ်နှင့် ဦးအောင်ကိုဝင်း(၃၇)နှစ်တို့ နှစ်ဦးသည် ပုတိမ်ရိုးကျေးရွာရှိ “မေဦး” ကုန်စုံဆိုင်၌ ဈေးဝယ်ပြီး ၎င်းတို့ကျေးရွာသို့ ပြန်လည်ထွက်ခွာလာစဉ် ပုတိမ်ရိုးကျေးရွာ၊ အခြေခံ ပညာအထက်တန်းကျောင်းခွဲအနီးအရောက် KNU နှင့် PDF ပူးပေါင်းအဖွဲ့မှ သုံးဦး(စိစစ်ဆဲ)က ဆိုင်ကယ် တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နွေဦးတော်လှန်ရေးစတင်ချိန်မှ ယခုအချိန်အထိ ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင် ဆရာဆရာမ၊ နိုင်ငံ့ဝန်ထမ်း ၁၂၀၀ ခန့်အပါအဝင် ပြည်သူ ၁၀၀၀၀ ခန့်မှာ “ဒလန်၊ သူလျှို၊ သတင်းပေး၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, CRPH, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရသည်။

