ဓာတ်ပုံ - ဦးခင်မောင်တင့်
၂၈.၇.၂၀၂၅
Written by Hey Mar
မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေ စီးဆင်းနေလို့ ဒီနေ့ ဇူလိုင် ၂၈ ရက်မှာ ကလော-အောင်ပန်း-ရွာငံ လမ်းတချို့ ကားတွေ ဖြတ်သန်းလို့မရဘဲ ပိတ်မိစောင့်ဆိုင်းနေရတာတွေ ရှိသလို့ ရပ်ကွက်၊ ကျေးရွာတချို့လည်း အရေးပေါ် ရွှေ့ပြောင်းရတဲ့ အခြေအနေမှာ ရှိ နေတယ်လို့ ဒေသခံ လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
ရွာငံလမ်း မြိုင်ကျေးရွာအနီးမှာ ချောင်းရေလျှံနေလို့ တောင်ကြီးဘက်တက်မယ့် ကားကြီး၊ ကားငယ်အချို့နဲ့ တောင်ကြီးကနေ ဆင်းလာတဲ့ ကားတွေလည်း လမ်းမှာ စောင့်ဆိုင်းနေရပြီး တချို့နေရာတွေမှာ တောင်ကျရေတွေလည်း တောင်းစောင်းကနေ ရေတံခွန်သဖွယ် စီးကျနေတယ်လို့ ဆိုပါတယ်။
အောင်ပန်း နာရေးကူညီမှုအသင်း တာဝန်ရှိသူက “မြေပြိုတာတော့မရှိဘူး။ လမ်းပေါ် ချောင်းရေကျော်တာနဲ့ တောင်ကျရေ ကျနေတာကြောင့် ဖြတ်ဖို့ စောင့်နေရတာ” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
လက်ရှိမှာ ကလောမြို့နဲ့ အောင်ပန်းမြို့တွင်း နေရာတချို့မှာ ရေဝင်ရောက်လျက်ရှိနေပြီး စာသင်ကျောင်းတချို့လည်း ခေတ္တပိတ်ထားရကာ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေရပြီလို့လည်း သိရပါတယ်။
ကလောချောင်း ရေလျှံပြီး ဒီနေ့ ၂၈ ရက်နေ့ မနက် ၈ နာရီခွဲအချိန်ခန့်မှာ ကလောမြို့၊ ရပ်ကွက် (၄) နဲ့ ရပ်ကွက် (၂) စခန်းသာဘက်အထိ ရေဝင်ရောက်လျက်ရှိရာ အရေးပေါ် ရွှေ့ပြောင်းတာတွေ ဆောင်ရွက်ပေးနေရကြောင်းနဲ့ လက်ရှိအချိန်မှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကလောက် ဖြစ်စဉ်အထိတော့ ဆိုးရွားခြင်း မရှိသေးကြောင်းလည်း သိရပါတယ်။
အောင်ပန်း နာရေးကူညီမှုအသင်း တာဝန်ရှိသူက ” တချို့လူတွေက ပြောင်းပါ၊ ရွှေ့ပါဆို တစ်ခါတည်း မရွှေ့ချင်၊ မပြောင်းချင်ကြဘူး။ နေလို့ ရသလောက် နေမယ် စိတ်ကူးကြတာ။ အခု နေမရတော့မှ လာခေါ်ပါ ရွှေ့ပေးပါဆိုတော့ သွားလာရတဲ့ ရေလမ်းကြောင်းပါ ရှာရခက်ကုန်တာပေါ့” လို့ မြေပြင်မှာ လက်ရှိကြုံတွေ့နေရတဲ့ အခြေအနေကို ပြောပါတယ်။
မနေ့က ဇူလိုင် ၂၇ ရက်မှာ ကလောချောင်းထဲ တောင်ကျရေတွေ စီးဝင်မှုကြောင့် ရေတက်ခဲ့ပြီးနောက် ည ၈ နာရီ မိနစ် ၃၀ ဝန်းကျင်ကနေ စတင်ရွာသွန်းခဲ့တဲ့ မိုးဟာ ဒီနေ ဇူလိုင် ၂၈ ရက် နေ့လယ် တစ်နာရီကျော်အချိန်အထိ ရွာနေဆဲဖြစ်ကြောင်းလည်း သိရပါတယ်။
ကလော – အောင်ပန်းနဲ့ တဆက်ဆက်တည်းတည်ရှိတဲ့ ပင်းတယဘက်မှာလည်း တောင်ကျရေစီးဆင်းလို့ ကျေးရွာတချို့ ပျက်စီးကာ လူသေဆုံးမှုလည်း ရှိနေပြီး ပင်းတယ ရွှေဥမင်ဘုရားစောင်းတန်းရှိ ဆိုင်ခန်း ၄ ခန်း တောင်ကျရေကြောင့် ပြိုကျပျက်စီးမှုဖြစ်ပေါ်ခဲ့လို့ ဘုရားအတက်လမ်း ခေတ္တ ပိတ်ထားရကြောင်းလည်း သိရပါတယ်။





