ဓာတ်ပုံ -တောင်ကြီး ကြက်ခြေနီအသင်း
၂၈.၇.၂၀၂၅
Written by Hey Mar
ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယမြို့နယ်မှာ မနေ့က ဇူလိုင် ၂၇ ရက် ညသန်းခေါင်အချိန်က တောင်ကျရေ ရုတ်တရက် စီးဆင်းမှုကြောင့် လူ ၆ ဦးသေဆုံးပြီး ကလေး ၁ ဦးပျောက်ဆုံးနေတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ ဒေသခံကြက်ခြေနီတပ်ဖွဲ့ထံကနေ သိရပါတယ်။
တောင်ကျရေ ရုတ်တရက်ဆင်းလာတဲ့အတွက် ပင်းတယမြို့နယ်အတွင်းရှိ ကုန်းစောင်းရွာ၊ သိမ်ကုန်းရွာနဲ့ ရွှေပုထိုး စတဲ့ကျေးရွာတချို့မှာ လူအချို့မျောပါသေဆုံးကာ စိုက်ခင်းတွေလည်း ပျက်စီးခဲ့ကြောင်း ဒေသခံတချို့ထံကနေ သိရပါတယ်။ လူသေဆုံးမှု ရှိခဲ့တာက ကုန်းစောင်းရွာကလို့ သိရပြီး ရုပ်အလောင်း ၆ လောင်း တွေ့ရှိထားကာ ကလေးတစ်ဦး ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။ လက်ရှိမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်းလည်း သိရပါတယ်။
ဒီရက်ပိုင်း ဝီဖာအပူပိုင်း ဆိုင်ကလုန်းမုန်တိုင်း သက်ရောက်မှုကြောင့် မိုးအဆက်မပျက်ရွာသွန်းနေပြီး မြစ်ရေကြီးမှု ဖြစ်စဉ်တွေလည်း မြန်မာနိုင်ငံရဲ့ ဒေသတချို့မှာ ဖြစ်ပွားလျက် ရှိနေတာပါ။





