၂၇. ၇. ၂၀၂၅
Written by Nay Moe
တပ်မတော်တပ်စခန်းများတည်ရှိနေသော လပါတ်ကျေးရွာကို ပျူစောထီးရွာဟု သတ်မှတ်ကာ မကြာခဏဝင်ရောက်တိုက်ခိုက်သတ်ဖြတ်မှုပြုလုပ်နေသော KNU/KNLA နှင့် PDF တို့က ယခုလည်း လပါတ်ကျေးရွာမှ လက်နက်မဲ့သော အပြစ်မဲ့မွေးကင်းစကလေးငယ်များနှင့် သက်ကြီးရွယ်အိုများပါမချန် လူ ၁၃ ဦးကို သတ်ဖြတ်လိုက်ပြန်သည်။

ဖြစ်စဥ်မှာ ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ ကျောက်ကြီးမြို့၏ အနောက်ဘက်မီတာ ၄၀၀၀ ခန့်အကွာ လပတ်ကျေးရွာရှိ အပြစ်မဲ့ပြည်သူ များအား KNU/ KNLA နှင့် များက ဇူလိုင်လ ၂၅ ရက် နံနက် ၁ နာရီခန့်တွင် ကျေးရွာ၏ အနောက်မြောက်ဘက်နှင့် အရှေ့ဘက်တို့မှ ဝင်ရောက်လာပြီး ကျေးရွာအတွင်းမှ လူမမယ်ကလေးငယ်များနှင့် သက်ကြီးဘိုးဘွားများအပါအဝင် အပြစ်မဲ့ရွာသူ၊ ရွာသားများအား လက်နက်ငယ်များဖြင့် ယုတ်မာရက်စက်စွာ ပစ်ခတ်သတ်ဖြတ်ခဲ့သည့်အပြင် ဓားများဖြင့် ခုတ်ဖြတ်သတ်ဖြတ်ခဲ့ကြောင်း၊ ထိုသို့ သတ်ဖြတ်ခဲ့မှုကြောင့် အသက် ၁၀ လသားအရွယ် ကလေးငယ် ၁ ဦး၊ အသက် ၃ နှစ်အရွယ် ကလေးငယ် ၂ ဦး၊ အသက် ၄ နှစ်အရွယ်ကလေးငယ် ၁ ဦး၊ အသက် ၆ နှစ်အရွယ် ကလေးငယ် ၁ ဦး၊ အသက် ၇ နှစ်အရွယ် ကလေးငယ် ၁ ဦး၊ အသက် ၁၀ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် အပြစ်မဲ့ပြည်သူ အမျိုးသား ၈ ဦး၊ အမျိုးသမီး ၅ ဦး၊ စုစုပေါင်း ၁၃ ဦး သေဆုံးခဲ့ပြီး အသက် ၃ နှစ်အရွယ် ကလေးငယ် ၁ ဦး၊ အသက် ၁၀ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် အပြစ်မဲ့ပြည်သူ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁၂ ဦး၊ စုစုပေါင်း ၁၅ ဦး ထိခိုက် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ သေဆုံးခဲ့သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ရွာသူ၊ ရွာသားများက ထုံးတမ်းအစဉ်အလာများနှင့်အညီကောင်းမွန်စွာသင်္ဂြိုဟ်ပေးခဲ့ပြီး ဒဏ်ရာရရှိခဲ့သူများအား နယ်မြေခံတပ်ဆေးခန်းသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူစေလျက်ရှိရာ ယနေ့တွင် နယ်မြေခံတပ်မှ တာဝန်ရှိသူများက သွားရောက်၍ ဆေးရုံတက်လူနာများအား အားပေးစကားပြောကြား၍ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

လပါတ်ရွာအတွင်း ၂၀၂၁ ခုနှစ်မှစ ကျောက်ကြီးအခြေစိုက် ခမရ ၃၅၁ တပ်ရင်းမှ တပ်မတော်သားများနှင့် ပြည်သူ့စစ်များ ပူးပေါင်းအထိုင်ချထားသဖြင့် KNU/KNLA နှင့် PDF တို့က ပျူစောထီးရွာဟုဆိုကာ လက်နက်မဲ့ပြည်သူများကို မကြာခဏ ဝင်ရောက်သတ်ဖြတ်နေကြပြီး ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်ကလည်း လပါတ်ကျေးရွာမှ ဒေသခံပြည်သူ ၅ ဦးအပါအဝင် လူ ၆ ဦးကို KNU/KNLA နှင့် PDF တို့က ဒလန်ဟုဆိုကာ လည်လှီးသတ်ပြီး ဆိုင်ကယ်လုယက်မှု ကျူးလွန်ခဲ့ကြသည်။

KNU/ KNLA နှင့် PDF များအနေဖြင့် စစ်ရေးနှင့် သက်ဆိုင်ခြင်းမရှိသော အပြစ်မဲ့ရွာသူ၊ ရွာသားများအား ယခုကဲ့သို့ ဆင်ခြင်တုံ တရားမဲ့စွာဖြင့် လူမဆန်စွာ ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းသည် ဂျီနီဗာကွန်ဗင်း ရှင်းနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime)ကို ကျူးလွန်ခြင်း ဖြစ်ပြီး အကြမ်းဖက်သမားများ၏ ဆင်ခြင်တုံတရားမဲ့စွာ ဥပဒေမဲ့လုပ်ဆောင် ခဲ့မှုအပေါ် ဒေသခံပြည်သူများက ဝိုင်းဝန်းကန့်ကွက်ရှုတ်ချလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်သမားများအား ဖမ်းဆီးဖော်ထုတ်အရေးယူ နိုင်ရေး လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများအား ဒေသခံပြည်သူများနှင့် အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

