၂၇. ၇. ၂၀၂၅
Written by Phyo Wei
မြေလွတ်၊ မြေလပ်နဲ့ မြေရိုင်းတွေ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိထားပေမဲ့ လေးနှစ်အတွင်း ဆောင်ရွက်နိုင်မှုမရှိတဲ့ မြေဧရိယာတွေကို လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ပြန်လည်ရုပ်သိမ်းမယ်လို့ ပြောလာတဲ့ ဒီတစ်ပတ်မှာပဲ ငလျင်ဒဏ်သင့် MSME လုပ်ငန်းတွေကို ချေးငွေထုတ်ချေးရာမှာ စိန်ခေါ်မှုတွေအဖြစ် ကိုဗစ်ချေးငွေတွေလိုမျိုး မူလချေးငွေတွေကို သတ်မှတ်ချိန်အတိုင်းမဆပ်ဘဲ အချိုးကျပြန်ဆပ်ထားကြတာ၊ ပြန်မဆပ်နိုင်သေးတာအပြင် နေရာစုံကနေ ငွေကြေးချေးငှားထားမှုများစွာရှိတာကို စစ်ဆေးနေရတာဖြစ်တယ်လို့ SAC ဒုတိယဥက္ကဋ္ဌက ဖွင့်ဟ ပြောကြားလာတဲ့ဖြစ်စဉ်တွေ တွေ့မြင်ခဲ့ရပါတယ်။
အခြားတစ်ဖက်မှာလည်း လာမယ့်နွေရာသီအမီ လျှပ်စစ်ဓာတ်အား ပိုမိုရရှိစေရေးဆောင်ရွက်ဖို့ လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးရေးကော်မရှင် ဥက္ကဋ္ဌ မှာကြားလာတာ၊ ယခုဘဏ္ဍာနှစ်မှာ ဓာတ်မြေဩဇာတန်ချိန် ၁ ဒသမ ၆ သန်း တင်သွင်းဖို့ လျာထားပြီးဖြစ်လို့ တင်သွင်းဖို့ကျန်တဲ့ ကုမ္ပဏီတွေက ကျန်တာတွေကို အမြန်တင်သွင်းဖို့ ဦးဆောင်ကော်မတီဥက္ကဋ္ဌ မှာကြားလာတာ နောင်ချိုကနေ TNLA လက်နက်ကိုင်တွေ ထွက်ပြေးအပြီးမှာ နောင်ချို-ကျောက်ကြမ်း-အုမ္မခါး-အုမ္မသီး-ပြင်ဦးလွင်-မန္တလေး လမ်းကြောင်း ပြန်လည်ဖွင့်လှစ်နိုင်ခဲ့လို့ ဘိလပ်မြေတွေကို ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်တော့မယ်ဆိုတာ၊ ငွေကြေးအရင်းနှီးလိုအပ်နေတဲ့ ဆီစက်လုပ်ငန်းရှင်တွေကို ကျပ်သိန်း ၁၀၀ ကနေ ကျပ်သိန်း ၅,၀၀၀ အထိ ထုတ်ချေးနိုင်ပြီလို့ ထပ်မံ အသိပေးလာတာ၊ ကမ္ဘာ့ရေနံဈေး မြင့်တက်နေမှုကြောင့် စက်သုံးဆီဈေး မြင့်တက်လာနိုင်ပေမဲ့ ဒီနှစ်ဆန်းပိုင်းက ဈေးနှုန်းထက် တစ်လီတာ ကျပ် ၂၅၀ ကျော် လျော့နည်းနေဦးမယ်လို့ အသိပေးလာတာ၊ လက်ရှိဘဏ္ဍာနှစ်အတွင်း စံချိန်တင်အများဆုံး ခွင့်ပြုပေးမှုအဖြစ် ဒေါ်လာ ၇၂ သန်းကျော်နဲ့ ကျပ်ဘီလျံ ၆၇၀ ကျော်တန်ဖိုးရှိ ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုအသစ် ၃၅ ခု အထိ ခွင့်ပြုပေးလိုက်တာ၊ ငလျင်ဒဏ်သင့်ဒေသတွေက နေအိမ်တွေပြန်တည်ဆောက်ရေးနဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် ရန်ပုံငွေ ကျပ်ဘီလျံ ၇၀၀ ထုတ်ချေးပေးမယ်လို့ ဗဟိုဘဏ်ဥက္ကဋ္ဌ ပြောကြားလာတာတွေအပြင် ပြည်သူ့ဆေးရုံတွေမှာ အရေးပေါ်လူနာတွေ အချိန်ပြည့်လက်ခံကုသနိုင်ရေးနဲ့ လူနာတွေကို ကုန်ကျစရိတ်မရှိစေဘဲ စိုက်ထုတ်သုံးစွဲရငွေ လျော့နည်းစေဖို့ ဆောင်ရွက်နေတယ်လို့ SAC ဥက္ကဋ္ဌ ပြောကြားလာတဲ့ဖြစ်စဉ်တွေရှိပေမဲ့ ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ်တော့ အမေရိကန်နိုင်ငံက ဖယ်ရှားပေးတဲ့ စီးပွားရေးပိတ်ဆို့မှုတွေအကြောင်းနဲ့ PDF ရာချီ အသေခံထားရပေမဲ့ ပြည်သူလည်းနေမရဘဲ MDY PDF က လက်ဝါးကြီးအုပ်ထားတဲ့ စဉ်ကူးမြို့နဲ့ ရွှေတွင်းတွေအကြောင်းကို သုံးသပ်ချင်ပါတယ်။

◾ အမေရိကန်ဖယ်ရှားပေးတဲ့ စီးပွားရေးပိတ်ဆို့မှု
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့အကြား ဒီလဆန်းပိုင်းကအပြန်အလှန်စာပို့ဆက်သွယ်အပြီးမှာ အမေရိကန်ပြည်ထောင်စုက တပ်မတော်နဲ့နီးစပ်တဲ့ လုပ်ငန်းရှင်အချို့အပေါ် ချမှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှုကို ကြာသပတေးနေ့ (ဇူလိုင် ၂၄ ရက်) မှာ ရုပ်သိမ်းပေးလိုက်ပါတယ်။
ဒီလို ရုပ်သိမ်းတာက သမ္မတ ဒေါ်နယ်လ် ထရမ့်ပ်ဟာ ဇူလိုင် ၇ ရက် ရက်စွဲနဲ့ ပေးပို့လာတဲ့ လာမယ့် ဩဂုတ် ၁ ရက်မှာ စတင်မယ့် အခွန်စည်းကြပ်မှုတိုးမြှင့်ရေးမှာ ကုန်သွယ်ရေးမိတ်ဖက်အဖြစ် အခွန်ညှိနှိုင်းဖို့ ဖိတ်ခေါ်စာကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကုန်သွယ်ရေးမိတ်ဖက်နိုင်ငံအဖြစ် ဆက်လက်ပါဝင်လိုကြောင်းနဲ့ အခွန်ညှိနှိုင်းလိုကြောင်း တုံ့ပြန်စာပေးပို့ပြီး နှစ်ပတ်အကြာမှာ အမေရိကန်ပြည်ထောင်စုဘက်က အပြုသဘောဆောင်တဲ့ ဖြေလျှော့မှု ပြုလာခဲ့တာပါ။
အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ စီးပွားရေးပိတ်ဆို့မှုဆိုင်ရာ ရုပ်သိမ်းမှု ထုတ်ပြန်ချက်မှာ ၂၀၂၂ ကနေ ၂၀၂၄ ခုနှစ်အတွင်း ပိတ်ဆို့ခံရတဲ့ KT Services & Logistics နဲ့ တည်ထောင်သူ ဦးဂျွန်နသန်မျိုးကျော်သောင်း၊ MCM Group နဲ့ ပိုင်ရှင် ဦးအောင်လှိုင်ဦး၊ Suntac Technologies နဲ့ ပိုင်ရှင် ဦးစစ်တိုင်းအောင်အပြင် ရွှေဗျိုင်းဖြူလုပ်ငန်းစုက ဒေါ်တင်လတ်မင်း တို့ကို အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှု စာရင်းက ဖယ်ရှားလိုက်တာပါ။
NLD ပါတီဟာ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ အာဏာအလွဲသုံးစားပြု မဲမသမာမှုလုပ်ဆောင်ခဲ့တာကြောင့် အမေရိကန်က ဘက်ပေါင်းစုံက ပိတ်ဆိုခဲ့အပြီးမှာ ဒီနှစ်ထဲကို ဥပဒေကြမ်းသုံးခုနဲ့ မြန်မာနိုင်ငံအပေါ် အမေရိကန်လွှတ်တော်က ကြပ်မတ်ဖို့ပြင်ဆင်နေချိန် အမေရိကန်အစိုးရအဖွဲ့အကြီးအကဲ ဒေါ်နယ်ထရမ့်ပ်ကတော့ မြန်မာအစိုးရအဖွဲ့ကို တရားဝင်အစိုးရအဖွဲ့အဖြစ် အသိအမှတ်ပြုစာလွှာကို နှစ်ပေါင်း ၂၀၀ ကျော်အတွင်း ပထမဆုံးအဖြစ် တိုက်ရိုက်စာပို့ခဲ့တာပါ။ ဒီနေရာမှာ အမေရိကန်က ကုန်သွယ်စည်းကြပ်ခွန် ၄၀ ရာခိုင်နှုန်းတိုးကောက်မှာဖြစ်ပြီး မြန်မာအစိုးရဘက်ကတော့ အမေရိကန်ဆီပို့ကုန်ကို ၁၀ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းအကြား လျှော့ချဖို့ အဆိုပြုခဲ့ပြီး အမေရိကန် သွင်းကုန်ကို သုညကနေ ၁၀ ရာခိုင်နှုန်းအကြား အခွန်လျှော့ချပေးမယ်လို့ ညှိနှိုင်းခဲ့တာတွေ့ရပါတယ်။
နှစ်ပေါင်း ၂၀၀ ကျော်အတွင်း အမေရိကန်သမ္မတက မြန်မာအစိုးရအဖွဲ့ကို တိုက်ရိုက်စာပို့ပြီး ကုန်သွယ်ဖက်အဖြစ် ဖိတ်ခေါ်တာဟာ NUG နဲ့ ပြိုင်ဘက်တွေအဖို့ အရှက်ရစရာ အလဲထိုးမှုဖြစ်ခဲ့လို့ ကုန်သွယ်ခွန် ၄၀ ရာခိုင်နှုန်းကောက်မယ်ဆိုတာကို လက်ညှိုးထိုးပြီး အပုပ်ချနေတာပါ။ ရယ်စရာကောင်းတာကတော့ မြန်မာနဲ့ အမေရိကန်ကြားမှာ အရင်က အပြန်အလှန်ကုန်သွယ်မှုက ဒေါ်လာ ၁ ဘီလျံခွဲလောက်ရှိပြီး NLD,CRPH, NUG, PDF, EAOs နဲ့ သူတို့ထောက်ခံသူတွေ ဝိုင်းဝန်းဖျက်ဆီးလို့ ကုန်သွယ်မှု ထက်ဝက်ကျပြီး လက်ရှိမှာ သန်း ၈၀၀ လောက်ပဲ ကျန်တော့တာပါ။ NLD,CRPH, NUG, PDF, EAOs နဲ့ သူတို့ထောက်ခံသူတွေ ဝိုင်းဝန်းဖျက်ဆီးလို့ မြန်မာ့ပို့ကုန်လုပ်ငန်းရှင်တွေ အမေရိကန်ကို လုံးလုံးပို့မရတော့ချိန်က ပို့ကုန်လုပ်ငန်းရှင်တွေ၊ ပြည်သူတွေကို လှည့်မကြည့်ကြ၊ သနားရကောင်းမသိခဲ့ကြတဲ့ NLD နဲ့ အပေါင်းအပါတွေဟာ အခုလို ကုန်သွယ်မှုမိတ်ဖက်အဖြစ် ညှိနှိုင်းတော့မယ်ဆိုမှ လုပ်ငန်းရှင်နဲ့ ပြည်သူတွေ အခွန်တိုးကောက်လို့ ထိခိုက်ပါတော့မယ်ထပြောနေကြတာလည်း စေတနာမမှန်တဲ့ သူရူးတွေမြင်ရသလိုမို့ ရယ်ဖွယ်ရာပါပဲ။ ပိုပြီးရယ်စရာကောင်းတာက ဒီလို ကုန်သွယ်မှုမိတ်ဖက်အဖြစ် အခွန်ညှိနေတုန်းမှာကို ဆန်ရှင်တွေ ပိတ်ထားတာ ပယ်ဖျက်လိုက်တာပါ။ အမေရိကန်ဘက်က ဒါဟာ သူ့ Process အတိုင်းဆိုပေမဲ့ ဆန်ရှင်ပိတ်ထားသူတစ်ယောက်ကို ဝုန်းကနဲဖြေလျှော့ချဖို့မလွယ်ဘူးဆိုတာ တော်ရုံနိုင်ငံရေးစိတ်ဝင်စားသူတွေတောင် သိပါတယ်။ ဆန်ရှင်ချမှတ်ခံလိုက်ရတဲ့ လုပ်ငန်းရှင်တွေဟာ ဒီဆန်ရှင်ကလွတ်ဖို့ဆို အတိုင်ပင်ခံဥပဒေပညာရှင်တွေ၊ မီဒီယာတွေ၊ လော်ဘီတွေ ဒေါ်လာသိန်းချီ သန်းချီအကုန်ခံငှားပြီးမှ ခက်ခက်ခဲခဲလျှောက်ယူရတာပါ။ ဒီလိုလျှောက်ယူရတာတောင် အခုလို နိုင်ငံရေးအကျပ်အတည်းဖြစ်နေချိန် ချက်ချင်းလွတ်ဖို့မသေချာဘဲ နိုင်ငံရေးပြေလည်မှုတစ်ချိန်ကြမှ ဆန်ရှင်လွတ်တာများပါတယ်။ အခု ဆန်ရှင်လွတ်လာသူတွေဟာ တချို့ဆို ပိတ်ထားတာ လပိုင်းပဲရှိသေးပြီး ဒီလိုမျိုးလူတွေ ချက်ချင်းလွတ်တာက အမေရိကန်အစိုးရအဖွဲ့ရဲ့ မြန်မာအစိုးရအဖွဲ့အပေါ်မှာ အကောင်းမြင်တဲ့ အပြုသဘောဆောင်လုပ်ရပ်လို့ အတိအကျပြောရမှာဖြစ်ပြီး ပိုကောင်းတဲ့ နှစ်နိုင်ငံအစိုးရကြား ဆက်ဆံရေးတွေကိုတော့ လာမယ့် ရွေးကောက်ပွဲအပြီးနဲ့ ရွေးကောက်ခံအစိုးရတက်လာအပြီးမှာ မုချမြင်ရပါလိမ့်မယ်။
◾ PDF ရာချီ အသေခံထားရ ပြည်သူလည်းနေမရဘဲ MDY PDF လက်ဝါးကြီးအုပ်ထားတဲ့ စဉ်ကူးမြို့နဲ့ ရွှေတွင်း
NUG ရဲ့ PDF အဖွဲ့တွေဖြစ်တဲ့ ပကဖ၊ ပအဖ၊ ပလဖ ရာနဲ့ချီ အသေခံပြီး နယ်မြေလု မြို့သိမ်းပေးထားရတဲ့ စဉ့်ကူးမြို့နယ်က ရွှေတွင်းတွေက ထွက်သမျှကို ပသုံးလုံးတွေက အကျိုးမခံစားရဘဲ TNLA နဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်နေတဲ့ မန္တလေး PDF (MDY PDF) က လက်ဝါးကြီးအုပ်ခြယ်လှယ်နေတယ်လို့ PDF တွေဘက်က လူမှုကွန်ရက်မှာ မကျေမနပ် ဖွင့်ဟလာကြပါတယ်။
MDY PDF တွေဟာ လူထုထောက်ခံမှုနဲ့ အလှူငွေရရှိရေးအတွက် NUG ကို ဩဇာခံသလိုလို လူထုကို လိမ်လည်ခဲ့ကြပြီး NUG က မတ္တရာမြို့သိမ်းခိုင်းတာကိုလည်း လက်ဦးမှုယူကာ ရွှေပိုထွက်ရာ စဉ့်ကူးမြို့ကိုသိမ်းခဲ့ပြီး ရွှေတွင်းတွေ လက်ဝါးကြီးအုပ်လို့ ရွှေတွင်းက ထွက်သမျှကို ပသုံးလုံးတွေအဖို့ အရိုးအရင်းကိုက်ရတဲ့အခြေအနေဖြစ်နေတယ်လို့ ရွှေဘိုခရိုင် အမှတ် (၁၈) တပ်ရင်းက ပြောရေးဆိုခွင့်ရှိသူနေမျိုး(ပဲခူး)က “လက်ရှိ မန်းတိုင်း PDF သိမ်းထားတဲ့ ရွှေလုပ်ကွက်တွေရဖို့ ကိုယ်တွေတပ်ရင်းက ဒုတပ်ရင်းမှူး အပါဝင် ရဲဘော်(၃၀) ကျော် အသက်ပေးတိုက်ပွဲဝင်ခဲ့ရပါတယ်။ ထို့အတူပဲ အညာတခွင်က MOD အောက်က ခရိုင်တပ်ရင်းပေါင်းများစွာ ယက ရဲဘော် ရာဂဏန်းကျော် အသက်ပေး တိုက်ပွဲဝင်ခဲ့ရပါတယ်။ ၎င်း MOD အောက်က ခရိုင်ရင်းအားလုံးဟာ မန်းတိုင်း PDF လက်အောက်ကနေ မန်းတိုင်း PDF ရဲ့ အမိန့် ကွပ်ကဲမှုနဲ့ တိုက်ပွဲဝင်ခဲ့ကြရပါတယ်။ ကျွန်တော်တို့ တပ်ရင်းဆို ရဲဘော် အင်အား (၂၀၀) ကျော် မန်းတိုင်း PDF နဲ့ ပူးပေါင်း တိုက်ပွဲဝင်ခဲ့သလိုအခြား အညာတခွင်က MOD ခရိုင်ရင်းတွေလည်း တပ်ရင်းတစ်ရင်းကို ရဲဘော်အင်အား (၁၀၀) ကျော် မန်းတိုင်းPDF ရဲ့ လက်အောက်ကနေ မန်းတိုင်း PDF ရဲ့ အမိန့်ကွပ်ကဲမှုနဲ့ တိုက်ပွဲဝင်ခဲ့ ကြရပါတယ်။ လက်ရှိမှာ ၎င်း ရွှေလုပ်ကွက်တွေက မန်းတိုင်း PDF ရရှိနေတဲ့ အခွန်ငွေထဲကနေ ကျွန်တော်တို့ တပ်ရင်း အနေနဲ့တော့ တစ်ကျပ် တစ်ပြားမှ ခုထိ မရဖူးသေးပါဘူး။ အခြား မန်းတိုင်း PDF နဲ့ လက်တွဲ တိုက်ပွဲဝင်ခဲ့တဲ့ ဘယ်အညာ ခရိုင်ရင်းတွေများ လက်ရှိ မန်းတိုင်းက ရနေတဲ့ ရွှေလုပ်ကွက် အခွန်ငွေထဲကများ ရဖူးတာ ရှိကြသလားတော့ မသိပါဘူး။ ကျွန်တော်သိသလောက်တော့ ဘယ်တပ်ရင်းမှ မရကြပါဘူး”လို့ ရင်ဖွင့်ခဲ့တာပါ။
MDY PDF ဟာ လက်ရှိမှာ NUG ဩဇာမခံဘဲ တအောင်းပလောင် TNLA နဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်နေသလို MDY PDF ရဲ့ စစ်ဦးစီးအဖွဲ့ဝင်တွေဖြစ်တဲ့ ဒေါက်တာတေဇာစန်းနဲ့ ဒေါက်တာစိုးသူရဇော်တို့က NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နဲ့ စင်ပြိုင်နေရာယူထားတာပါ။
ပသုံးလုံးတွေနဲ့ MDY PDF အကွဲအပြဲမှာ ထပ်မံပွင့်အန်လာတာက MDY PDF က စဉ့်ကူးမြို့ကို သိမ်းထားပေမယ့် စဉ့်ကူးပြည်သူတွေကို နေအိမ်ထဲ ဝင်ခွင့်မပေးဘဲ ထိန်းချုပ်ထားတဲ့အပြင် နေအိမ်ဟူသမျှ ဖောက်ထွင်းခံထားရတဲ့ အခြေအနေဆိုးဖြစ်နေတာပါ။
“မကြာသေးခင် ရက်ပိုင်းက BBC, Mizzima သတင်းတွေမှာ စဉ့်ကူး ရွှေတွင်းတွေနဲ့ ပတ်သက်ပြီး မြိုင်မြိုင်ဆိုင်ဆိုင် ဖော်ပြလာကြပါတယ်။
တကယ်တော့ မြေပြင် အခြေအနေဟာ သတင်းတွေမှာ ဖော်ပြတာနဲ့ လုံးဝ တခြားစီ ဖြစ်ကြောင်း တွေ့ရပါတယ်။ မန်း PDF ကို မတ္တရာကို သိမ်းဖို့ MOD က တာဝန်ပေးခဲ့ပေမယ့် မန်း PDF ဟာ စဉ့်ကူးကို လက်ဦးမှုယူပြီး သိမ်းခဲ့တယ်။ စဉ့်ကူး အုပ်ချုပ်ရေးဟာ ပသုံးလုံး အုပ်ချုပ်ရေး မဟုတ်ပါဘူး။ မန်း PDF က အရေးပေါ်စီမံအုပ်ချုပ်ရေး ကော်မတီကို ဖွဲ့စည်းခဲ့ပါတယ်။ အုပ်ချုပ်ရေး ကော်မတီမှာ ဒေသခံ လွှတ်တော်ကိုယ်စားလှယ် ကို နာယကအဖြစ် ခန့်အပ်ခဲ့ပေမယ့် ဘာလုပ်ပိုင်ခွင့်မှ မရှိပါဘူး။ အရေးပေါ် စီမံအုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌဟာ မန်း PDF ဖြစ်ပါတယ်။ ပသုံးလုံးမှာ မပါဝင်တဲ့ ဒေသခံ NLD ပါတီဝင် တစ်ယောက်နဲ့ ရပ်မိရပ်ဖအချို့ကို ပ. တာဝန်ခံ၊ ဒု တာဝန်ခံ အဖြစ် တာဝန်ယူခဲ့ကြတယ်လို့ သိရပါတယ်။ ဒါကြောင့် စဉ့်ကူးမှာ ပသုံးလုံး အုပ်ချုပ်ရေး မဟုတ်တဲ့အကြောင်း သိရပါတယ်။ လိုင်းပေါ်မှာ နာမည်ကြီးနေတဲ့ ရွှေတွင်းတွေ မန်းစိန် ဘာညာ လုပ်ကွက်တွေ အားလုံးကို မန်း PDF က ဘဲ စီမံခန့်ခွဲပါတယ်။ ရရှိငွေကို မန်း PDF က စီမံခန့်ခွဲပြီး CDM ထောက်ပံ့တယ်။ စစ်ရှောင် ကူညီတယ်။ ပညာ/ ကျန်းမာ / လမ်းတံတား အတွက် လှူတယ်။ ပအဖ၊ ပကဖ၊ ပလဖ ပသုံးလုံးကိုလည်း အချိုးကျ ခွဲဝေပေးတယ်။ ပသုံးလုံးဟာ ရွှေလုပ်ကွက်တွေနဲ့ ပတ်သက်လို့ လက်ဝေခံသာ ဖြစ်ပါတယ်။ မန်း PDF ဟာ အားလုံးကို မျှဝေသုံးစွဲတယ် ဆိုသော်လည်း ရတာနဲ့ မျှဝေတာဟာ ကွာခြားလွန်းလှပါတယ်။ မန်း PDF ဟာ သူ ဦးဆောင်တိုက်တယ်။ ရတာ အကုန်ယူမယ်။ EAO ဆန်ဆန် လုပ်သွားခဲ့တာပါ။ ပြည်မထဲမှာ လာပြီး သူသိမ်းလို့ရတဲ့နေရာ ကိုယ်ရ ကိုယ်ယူ သူပဲ စီမံခန့်ခွဲတယ်ပေါ့။ ပြည်မထဲမှာ ကိုယ်ရ ကိုယ်ယူ လုပ်နေရင် ကျွန်တော်တို့ အစိုးရ ဘယ်လို ရှေ့ဆက်လို့ ရမှာလဲ။ ဒေသခံ ပသုံးလုံးဟာ အုပ်ချုပ်ရေးမှာ မပါဝင်သလို ရွှေတွင်းတွေနဲ့ ပတ်သက်လို့လည်း မန်း PDF ပေးသလောက်သာ ရရှိတာ ဖြစ်ပါတယ်။ ဒီ ကိစ္စတွေ မီဒီယာတွေမှာ ပေါက်ကြား လာရတဲ့ အကြောင်းက မကြာသေးမီက ယခင် ရွှေလုပ်ကွက်တွေရဲ့ ဧရိယာအပြင်ဘက်မှာ ရွှေကြောအသစ် တွေ့ရှိခဲ့တာပါ။ ဒါပေမယ့် မန်း PDF စီမံခန့်ခွဲနေတဲ့ လုပ်ကွက်တွေလောက်တော့ မထွက်ရှိပါဘူး။ ဒီ နေရာသစ်ကို ပသုံးလုံးက သီးသန့် လေလံပစ်ဖို့ကြိုးစားပါတယ်။ ဒီ နေရာသစ်ကို မန်း PDF က ထပ်ပြီး လက်ဝါးကြီး အုပ်ချင်တယ်။ ပသုံးလုံးက လက်မခံဘူး။ ဒီမှာ ပြဿနာ အနည်းငယ် တက်တဲ့အခါ မန်း PDF က မီဒီယာ မှာ လက်ဦးမှုယူပြီး သတင်းပေးခဲ့တယ်။ ပြည်သူ တွေကို မီဒီယာအားနဲ့ လမ်းလွဲကို ဆွဲခေါ် ဖို့ကြိုးစားခဲ့တာပါ။ ဒါကြောင့် BBC နဲ့ Mizzima မှာ ဖော်ပြတဲ့ သတင်းဟာ မြေပြင်နဲ့ တခြားစီ ဖြစ်နေတာ ဖြစ်ပါတယ်။ စဉ့်ကူးကို မန်း PDF က စစ်ရေးအရ ပိတ်ဆို့ထားပြီး မြို့တွင်းမှာ ပြည်သူတွေ နေခွင့် မရှိပါဘူး။ ဒါပေမယ့် အိမ်တွေ ဖောက်ထွင်းခံနေရတာဟာ ပြည်သူတွေ ဘာမှ မကျန်တော့သလောက်ဖြစ်နေတယ်လို့ သိရပါတယ်”လို့ Soe San Tun အကောင့်က ရေးသားထားတာကို နေမျိုး(ပဲခူး)က မျှဝေထားပါတယ်။
MDY PDF တွေဟာ သယံဇာတနယ်မြေတွေကို လက်ဝါးကြီးအုပ်နိုင်ဖို့ စဉ့်ကူးကို လက်ဦးမှုယူသိမ်းခဲ့တဲ့အပြင် မတ္တရာမြို့နယ်က ရွှေလုပ်ကွက်တွေကိုလည်းထိန်းချုပ်နိုင်ခဲ့တာပါ။ ဒီလို ရွှေလုပ်ကွက်တွေကို လက်နက်ကိုင်တွေ လက်ဝါးကြီး သိမ်းနိုင်ခဲ့ချိန်မှာ သတိရစရာကောင်းတာက NLD, CRPH,NUG,PDF နဲ့ EAOs တွေကို ထောက်ခံခဲ့ကြတဲ့ လူတွေရဲ့စကားကိုပါ။ နိုင်ငံရေး၊ စစ်ရေးကို နားလည်ကြတဲ့လူတွေက NLD, CRPH,NUG,PDF နဲ့ EAOs တွေဟာ တစ်ချိန်ကြရင် လက်နက်အားကိုးနဲ့ လူသတ်ဓားပြတိုက် ဆက်ကြေးကောက်ဖြစ်လာမှာ တိုက်ပွဲတွေဖြစ်လာရင် မြို့တွေပျက်မှာလို့ ပြောခဲ့ချိန်မှာ “NLD, CRPH,NUG,PDF နဲ့ EAOs တွေကို ထောက်ခံသူတွေက မြေကျန်ရင်ရပြီ”လို့ ပြောခဲ့ကြတာပါ။ တကယ့်တကယ် သူတို့နေတဲ့မြို့တွေကို NLD, CRPH,NUG,PDF နဲ့ EAOs တွေ ထိန်းချုပ်သွားချိန်မှာ ဒေသခံပြည်သူတွေအဖို့ မြေတောင်မကျန်တော့ဘဲ ကိုယ့်အိမ်ကို အသိမ်းခံရ၊ ကိုယ်မြေကွက်ကို ရွှေတူး၊ သယံဇာတတူးဖို့ လက်ဝါးကြီးအုပ်နှင်ထုတ်ခံရတာတွေကို စဉ့်ကူး၊ ဖားကန့်၊ မိုးကုတ် စတဲ့ အသိမ်းခံမြေတွေ မြို့တွေ အများအပြားမှာ ရင်ဆိုင်လိုက်ရတာပါ။ လက်နက်အားကိုး ကိုယ်ကျိုးစီးပွားရှာကြတယ်ဆိုရာမှာ ဘယ်လို စစ်စည်းမျဥ်းစည်းကမ်း၊ စစ်ဥပဒေကိုမှ လိုက်နာစရာမလိုဘဲ ထင်တိုင်းကြဲတဲ့ NLD, CRPH,NUG,PDF နဲ့ EAOs တွေကို ထောက်ခံမိတဲ့သူတွေဟာ မြေတောင်မကျန်တော့ဘဲ ငါးပါးမှောက်မှ ကျောချမှ ဓားပြမှန်းသိချိန်မှ အနှစ်နှစ်အလလတည် ဆောက်ခဲ့ရတဲ့ဘဝတွေ အသက်တွေကတော့ ပျက်သုဥ်းကုန်ကြတော့တာပါပဲ။ နောင်မှရတဲ့နောင်တဟာ အချိန်မမီတော့ဘူးဆိုပေမဲ့ လက်ကျန်ဘဝဟာ လမ်းဘေးနေလို့မဖြစ်ဘဲ ပြန်တည်ဆောက်ရမှာဖြစ်လို့ ဒီလိုပြန်တည်ဆောက်ချင်သူတွေအဖို့တော့ တပ်မတော်ပြန်ထိန်းသိမ်းလို့ အေးအေးချမ်းချမ်းနေခွင့်ပြန်ရသွားတဲ့ လွိုင်ကော်၊ နောင်ချို၊ လားရှိုး၊ မိုးဗြဲ၊ သပိတ်ကျင်းစတဲ့မြို့တွေက အားကျစရာပါပဲ။ ဒီမြို့က လူတွေဟာ အကြမ်းဖက်လက်ထဲ ဆုံးခန်းတိုင်သွားပြီထင်တဲ့ ကိုယ့်အိမ်ကိုယ့်ခြံကိုယ့်စီးပွားကို တပ်မတော်ဆီကနေ ပြန်ရခဲ့တာမို့ ဒီလိုမျိုး ကိုယ့်ဘဝကိုယ် ကိုယ့်မြို့မှာ ပြန်တည်ဆောက်ခွင့်ဟာ လူထုအပေါ်မှာပဲ မူတည်ပြီး မြေတောင်မကျန်အောင်သိမ်းတဲ့ NLD, CRPH,NUG,PDF နဲ့ EAOs တွေလက်ထဲ ကိုယ့်ဘဝနဲ့ အသက်အိုးအိမ်စည်းစိမ်ပျက်သုဥ်းခံမလား။ ကိုယ့်မြို့ကိုယ် တပ်မတော်နဲ့အတူ ပြန်ယူပြီး ကိုယ့်ဘဝ၊ ကိုယ့်စီးပွားကို ပြန်ထူထောင်မလားဆိုတာကိုတော့ ကျောချထားတဲ့ ဓားရာတွေကြည့်ပြီးဆုံးဖြတ်နိုင်ပါစေလို့ ဆုတောင်းရင်းနဲ့ ဖွတ်ထွက်တာတောင် တောင်ပို့မှန်းမသိသေးရင် အလွဲနင့်ပြင်မရှိတော့ဘူးလို့သာ ကိုယ့်ကိုယ်ကိုယ်ပြောပြီး အသက်ဘဝနဲ့ စီးပွားကို အမျှဝေဖို့သာလုပ်ထားကြပါလို့ သတိပေးရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက် ရပ်နားပါရစေ။
