
၂၈. ၇. ၂၀၂၅
Written by Thettant
ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်၊ စံကင်းတိုက်နယ်၊ ဆိုင်းစုကျေးရွာတွင် တည်ထားကိုးကွယ်လျက်ရှိသော ရှေးဟောင်းသမိုင်းဝင် မိုဃ်းကောင်းစေတီတော်မြတ်ကြီး ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ဇူလိုင် ၂၇ ရက် ညနေ ၂ ၅၈ မိနစ်ကျော်အချိန်မှာ ဧရာဝတီမြစ်အတွင်း ပြိုကျ သက်ဆင်းခဲ့ပါတယ်။
ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ဆိုင်းစုဘုရားလို့လည်းခေါ်ကြတဲ့ ရှေးဟောင်းသမိုင်းဝင် မိုဃ်းကောင်းစေတီတော်မြတ်ကြီးရဲ့ အရန်စေတီတော်နှစ်ဆူ ဇူလိုင် ၂၆ ရက်နေ့ကတည်းက ရေခခဲ့နောက်ပိုင်းမှာ ကျေးရွာတာဝန်ရှိသူတွေက အရန်စေတီတော်ကြီး ရေမခဖို့ တတ်အားသရွေ့ကြိုးပမ်းကာ ကမ်းပါးပြိုကျမှုထဲ စေတီတော်မြေမခရအောင် ဝေယျာဝေစ္စပြုလုပ် ကြိုးစားခဲ့ပေမယ့်လည်း အရာမထင်ခဲ့ဘဲ ဇူလိုင် ၂၇ ရက် နေ့လယ် ၂ နာရီ ၅၈ မိနစ်မှာ ဧရာဝတီမြစ်ထဲ စေတီတော် ပြိုကျခဲ့တာဖြစ်ပါတယ်။
နှစ်စဥ် ဧရာဝတီမြစ်ရေမြင့်တက်ချိန်တိုင်းမှာ မြစ်ကမ်းနားတည်ထားတဲ့စေတီတော်တွေ ကမ်းပါးပြိုလို့ စေတီတော်ရေခတဲ့မြင်ကွင်းပုံရိပ်တွေ လူမှုကွန်ရက်မှာ မကြာခဏမြင်တွေ့နေတာကြောင့် မိုးကောဃ်းစေတီတော်မြတ်ကြီးရေခတဲ့ရုပ်သံတွေကိုလည်း အရင်နှစ်တွေကဖြစ်ခဲ့တာလို့ ရေးသားမှုတချို့တွေ့ရပေမယ့် လက်ရှိပြိုကျမှုကတော့ ၂၀၂၅ ခုနှစ် ဇူလိုင် ၂၆ ရက်မှာ အရန်စေတီတွေပြိုကျပြီး ၂၇ ရက်မှာတော့ စေတီတော်မြတ်ကြီးတစ်ဆူလုံးရေခခဲ့တာလို့ ဒေသခံဆရာတော်တစ်ပါးက အတည်ပြုမိန့်ကြားပါတယ်။
