၂၈. ၇. ၂၀၂၅
Translated by Thettant
၂၀၂၅ ခုနှစ် ဇူလိုင် ၂၇ ရက်က ဖူမာကူးအာဒေသတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲအပြီးတွင် ကမ္ဘောဒီးယားစစ်သား ၁၂ ဦး၏ ရုပ်အလောင်းများကို ထိုင်းနိုင်ငံက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မူဝါဒများနှင့်အညီ ၎င်းတို့၏ဇာတိမြေသို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။
၎င်းတို့ မည်သည့်ဘက်မှဖြစ်စေ စစ်မြေပြင်တွင် ကျဆုံးခဲ့သော စစ်သားများကို ဂုဏ်ပြုသည့်အနေဖြင့် ဖြစ်သည်ဟု ထိုင်းသတင်းဌာန Khaosod က ဖော်ပြသည်။
၂၀၂၅ ခုနှစ် ဇူလိုင် ၂၇ ရက် ညနေ ၄ နာရီ ၃၀ မိနစ်တွင် ထိုင်းအရာရှိများသည် ဖူမာကူးအာဒေသတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် ကမ္ဘောဒီးယားစစ်သား ၁၂ ဦး၏ ရုပ်အလောင်းများကို ကမ္ဘောဒီးယားအရာရှိများထံ စစ်စကတ်ပြည်နယ်၊ ဖူးစင်ခရိုင်၊ ဖရိုင်ပတ်သာနာကျေးရွာအုပ်စု၊ ချောင်စာငမ် အမြဲတမ်းနယ်စပ်ဖြတ်ကျော်ဂိတ်၌ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။
ထိုရုပ်အလောင်းများကို ၎င်းတို့၏ ဇာတိမြို့များသို့ ပြန်လည်သယ်ဆောင်ကာ ဘာသာရေးအခမ်းအနားများ ပြုလုပ်ရန်ဖြစ်ကြောင်းနှင့် ဤလုပ်ဆောင်ချက်သည် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မူဝါဒများနှင့်အညီဖြစ်ပြီး မည်သည့်ဘက်မှဖြစ်စေ စစ်မြေပြင်တွင် ကျဆုံးခဲ့သော စစ်သားများအား ဂုဏ်ပြုခြင်းပင်ဖြစ်သည်။
၎င်းသည် ပဋိပက္ခအခြေအနေများတွင် တာဝန်ထမ်းဆောင်နေသူများ၏ ခံစားချက်ကို နားလည်သော ဂုဏ်သိက္ခာရှိသည့် စစ်သည်များ၏ စိတ်ဓာတ်ကို ထင်ဟပ်စေပြီး ၎င်းတို့အားလုံးသည် မိမိတို့နိုင်ငံအတွက် တာဝန်ထမ်းဆောင်နေကြခြင်းဖြစ်သည်။
တော်ဝင်ထိုင်းစစ်တပ်မှ စစ်သည်များအနေဖြင့် ထိုင်းနိုင်ငံတော်ကို ကာကွယ်ရန် အသက်ပေးလှူခဲ့သူများကို မမေ့လျော့ဘဲ ရှိနေမည်ဟု စစ်တပ်သတင်းရင်းမြစ်က ပြောကြားခဲ့သည်။ ၎င်းတို့၏ ပေးဆပ်မှုကို ထိုင်းပြည်သူများ၏ မှတ်ဉာဏ်တွင် ထာဝရစွဲထင်နေမည်ဖြစ်ပြီး ထိုင်းနိုင်ငံ၏ အချုပ်အခြာအာဏာကို ကာကွယ်ရန် ဤဂုဏ်ယူဖွယ်တာဝန်ကို ဆက်လက်ထမ်းဆောင်မည့်သူများ ရှိနေမည်ဖြစ်ကြောင်း စစ်တပ်သတင်းရင်းမြစ်က ပြောကြားခဲ့သည်။
အလားတူ ၂၀၂၅ ခုနှစ် ဇူလိုင် ၂၇ ရက်နေ့တွင် ထိုင်းနိုင်ငံ၏ ကျူးကျော်မှုကို သူရဲကောင်းဆန်ဆန် တိုက်ခိုက်ရင်း ဇူလိုင် ၂၆ ရက်က ကျဆုံးခဲ့သော ဗိုလ်ချုပ် Duong Samneang အား ဂုဏ်ပြုသော ဈာပနအခမ်းအနားကို ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပခဲ့သည်။
ဝန်ကြီးချုပ် ဟွန်မာနက်၏ ဇနီးဖြစ်သူ Pich Chanmony သည် ဖနွမ်းပင်မြို့ရှိ နိုရင်ရာင်းဆီဘုန်းကြီးကျောင်း၌ပြုလုပ်သော ထိုအခမ်းအနားကို လာရောက်ဂါရဝပြုခဲ့သည်။
ထို့အတူ နေ့အစောပိုင်းတွင် အမျိုးသားလွှတ်တော်အမတ်နှင့် ပြည်သူ့ဝန်ထမ်းဝန်ကြီး Men Sam An, Hun Many အပါအဝင် အကြီးတန်းအရာရှိများစွာလည်း ဂုဏ်ပြုအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။
ဝန်ကြီးချုပ်ဟွန်မာနက်က အစိုးရအနေဖြင့် ကျဆုံးစစ်သည်အားလုံးအတွက် နိုင်ငံတော်၏ သူရဲကောင်းများအဖြစ် ဂုဏ်ပြုအခမ်းအနားများ ကျင်းပပေးမည်ဖြစ်ပြီး ၎င်းတို့သည် နိုင်ငံတော်ကာကွယ်ရေးအတွက် အသက်ပေးခဲ့သူများဖြစ်ကြောင်း ပြောကြားခဲ့သည်။
Ref, Khaosod







