◾️ မင်းဘူး Solar ဓာတ်အားပေးစက်ရုံ ဒုတိယအဆင့် ၄၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ရေးကို ၂၀၂၆ ခုနှစ် တတိယသုံးလပတ်ထက်စော၍ ဓာတ်အားထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားရန် လျှပ်စစ်ဝန်ကြီး မှာကြား
၂၈. ၇. ၂၀၂၅
Written by Nyein Kyaw
လာမည့် နွေရာသီအမီ ဖြစ်နိုင်ခြေရှိသော ရှိပြီးသားစီမံကိန်းများမှ ဓာတ်အားထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်နေကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက ယမန်နေ့တွင် မင်းဘူးမြို့နယ်ရှိ မင်းဘူးနေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံမှ ပထမအဆင့် ၄၀ မဂ္ဂါဝပ်ဓာတ်အားထုတ်လုပ်နေမှုနှင့် ဒုတိယအဆင့် ၄၀ မဂ္ဂါဝပ်ထုတ်လုပ်နိုင်ရေး စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးစဉ် ပြောကြားသည်။
မင်းဘူးနေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံမှ ဒုတိယအဆင့် ၄၀ မဂ္ဂါဝပ် ဓာတ်အားထုတ်လုပ်နိုင်ရေးအတွက် ချုပ်ဆိုထားသည့် စာချုပ်များကို ပြန်လည်စိစစ်၍ စာချုပ်ပါအတိုင်းပြီးစီးနိုင်ရေး မြန်မြန်ဆန်ဆန် ဆောင်ရွက်သွားရန်နှင့် စာချုပ်ပါစည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်သွားရန်လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ဝန်ကြီးဌာနအနေဖြင့် လာမည့် နွေရာသီအမီဖြစ်နိုင်ခြေရှိသော ရှိပြီးသားစီမံကိန်းများမှ ဓာတ်အားထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိသဖြင့် ဒုတိယအဆင့် ၄၀ မဂ္ဂါဝပ် ဓာတ်အားထုတ်လုပ်နိုင်ရေးပြီးစီးရန် သတ်မှတ်ထားသည့် ၂၀၂၆ ခုနှစ် တတိယသုံးလပတ်ထက်စော၍ ဓာတ်အားထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက မှာကြားသည်။
ဒုတိယအဆင့် ၄၀ မဂ္ဂါဝပ်ထုတ်လုပ်နိုင်ရေး မြေပြုပြင်ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ပထမအဆင့် ၄၀ မဂ္ဂါဝပ်မှ Solar Panel များ တပ်ဆင်ထားရှိမှုနှင့် ဓာတ်အားထိန်းချုပ်ခန်းအတွင်း နေရောင်ခြည်စွမ်းအင်မှ လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်ပြီး နိုင်ငံတော်ဓာတ်အားစနစ် (National Grid System)သို့ ချိတ်ဆက်ပို့လွှတ်ပေးနေမှုအခြေအနေတို့ကို ပြည်ထောင်စုဝန်ကြီးက လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ပြီးနောက် ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လက်ရှိအချိန်တွင် နိုင်ငံခြားသားပညာရှင်များနှင့်တွဲဖက်၍ ဓာတ်အားထုတ်လုပ်မောင်းနှင်ဆောင်ရွက်နေရသော်လည်း မိမိတို့ဝန်ထမ်းများဖြင့် ဓာတ်အားထုတ်လုပ်မောင်းနှင်ရန် လိုအပ်လာပါက ထိန်းညှိမောင်းနှင်နိုင်ရန်အတွက် ယခုအချိန်မှစပြီး ကျွမ်းကျင်မှုရှိစေရေး နည်းပညာဆိုင်ရာအတွေ့အကြုံများရယူ၍ လေ့လာဆည်းပူးထားရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက မှာကြားသည်။
ထို့ပြင် မြို့နယ်အဆင့်များတွင် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းရေး၊ ဓာတ်အားခကြွေးကျန်များ အပြည့်အဝရရှိရေး ရည်မှန်းချက်ထားဆောင်ရွက်ရန်နှင့် တရားမဝင်ဓာတ်အား ရယူသုံးစွဲမှုများမရှိစေရေး တာဝန်ရှိသူ အဆင့်ဆင့်မှ စစ်ဆေးကြပ်မတ်သွားရန်လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက မှာကြားသည်။
