◾ ကမ္ဘောဒီးယားရွှေ့ပြောင်းလုပ်သား ၄၀၀,၀၀၀ ခန့် ပြန်လည်ရောက်ရှိ
၂၈.၇.၂၀၂၅
Translated by Htwe Ko Tun
ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား ဇူလိုင်လ ၂၄ ရက်က နယ်စပ်အငြင်းပွားမှုကြောင့် အပြန်အလှန်တိုက်ခိုက်မှုများဖြစ်ပွားခဲ့ရပြီးသည့်နောက်တွင် ထိုင်းနိုင်ငံအတွင်း လာရောက်အလုပ်လုပ်ကိုင်နေကြသော ကမ္ဘောဒီးယားနိုင်ငံသား ရွှေ့ပြောင်းလုပ်သားများစွာမှာ ၎င်းတို့၏မိခင်နိုင်ငံသို့ ပြန်လည်ထွက်ခွာလျက်ရှိကြကြောင်း သိရသည်။
ဇူလိုင် ၂၄ ရက်မှ စတင်ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများ ငါးရက်တာကာလအတွင်း ဇူလိုင် ၂၈ ရက်အထိ ခန့်မှန်း ကမ္ဘောဒီးယားရွှေ့ပြောင်းလုပ်သား ၄၀၀,၀၀၀ ခန့် ပြည်တွင်း ပြန်လည်ရောက်ရှိလာခဲ့ကြကြောင်း သိရသည်။ ဇူလိုင် ၂၇ ရက် တစ်ရက်တည်း၌ပင် ကမ္ဘောဒီးယားရွှေ့ပြောင်းလုပ်သား ၁၃၀,၀၀၀ ကျော် ပြန်လည်ဝင်ရောက်လာခဲ့ကြသည်။
ထိုင်းနိုင်ငံ၊ ချန်သာဘူရီပြည်နယ်ရှိ ဘန်လမ်းနယ်စပ်ဖြတ်ကျော်ဂိတ်(Baan Laem) ၌ဆိုလျှင် တနင့်တပိုး ဝန်ထုပ်ဝန်ပိုးများသယ်ဆောင်ထားကြသော များပြားလှသည့် ကမ္ဘောဒီးယားနိုင်ငံသား ရွှေ့ပြောင်းလုပ်သားများစွာက ထိုင်းနိုင်ငံဘက်မှ ကမ္ဘောဒီးယားနိုင်ငံဘက်သို့ ပြန်လည်ထွက်ခွာနေကြသည်ကို ဇူလိုင် ၂၇ ရက်တွင်လည်း တွေ့ရှိကြရသည်။
ထိုင်းနှင့်ကမ္ဘောဒီးယားတို့အကြား ကြေညာမှုမရှိဘဲ ဖြစ်ခဲ့ကြသည့် တိုက်ခိုက်မှုများကြောင့် နှစ်နိုင်ငံစလုံးတွင် များပြားလှသောဒုက္ခရောက်ကြရသည့် အပြစ်မဲ့ပြည်သူများရှိနေသည်။ သို့သော် နှစ်ဖက်စလုံး၌ အမျိုးသားရေးစိတ်ဓာတ်က အစွန်းရောက်ပျံ့နှံ့နေချိန်တွင် ဤသည်ကို မည်သူကမှ အလေးထားကြပုံမရပေ။
အစွန်းရောက်အမျိုးသားရေးစိတ်ဓာတ်နှင့်အတူ ထိုင်းနိုင်ငံအတွင်း ကမ္ဘောဒီးယားရွှေ့ပြောင်းလုပ်သားများကို မလိုလားမုန်းတီးမှုကျယ်ပြန့်လာကာ လက်လွတ်စပယ် အကြောင်းမဲ့တိုက်ခိုက်မှုများပါ ဖြစ်လာခဲ့ပြီးနောက်တွင် ကမ္ဘောဒီးယားရွှေ့ပြောင်းလုပ်သားများ ဤသို့ အစုလိုက်အပြုံလိုက် ပြန်လည်ထွက်ခွာမှုများ ဖြစ်လာရခြင်းဖြစ်သည်။
အစွန်းရောက်အမျိုးသားရေးစိတ်ဓာတ်ကလည်း နှစ်နိုင်ငံစလုံးတွင် ကိုဗစ်-၁၉ ဗိုင်းရပ်ထက်လျင်မြန်သော အရှိန်ဖြင့် ကူးစက်ပျံ့နှံ့ခဲ့ခြင်းဟုလည်း ဆိုရမည်ဖြစ်သည်။
ထိုင်းနိုင်ငံအတွင်း မလိုလားသူကို ဖယ်ရှားသုတ်သင်မည်ဟူသော အယူအဆဖြင့် အပြစ်မဲ့ ကမ္ဘောဒီးယား ရွှေ့ပြောင်းလုပ်သားများကို ထိုင်းလူမျိုးရေးအစွန်းရောက်များက အားရကျေနပ်စွာ တိုက်ခိုက်နေကြသည့် ဗီဒီယိုများ အွန်လိုင်းတွင် ပျံ့နှံ့လာခြင်းကိုလည်း များစွာပူပန်မိဖြစ်ဖွယ်ရာ တွေ့နေရသည်။
လက်ရှိတွင်မူ ထိုင်းနိုင်ငံအတွင်း လူမျိုးရေးအစွန်းရောက်မှုရောဂါပျံ့နှံ့လာခြင်းအတွက် ကာကွယ်ဆေးလည်းမရှိ၊ ကုသဆေးလည်းမရှိ ဖြစ်နေရသည်ဟုပင်ဆိုရမည်ဖြစ်ကာ သတိရှိမှုနှင့် ကိုယ်ချင်းစာမှုတို့ဖြင့်သာ ကာကွယ်တားဆီးရမည့်အခြေအနေရောက်နေသည်ဟု ဆိုရပေမည်။
Ref-Khaosod English



