၂၈. ၇. ၂၀၂၅
Written by Nyein Kyaw
ခွင့်ပြုရန်ပုံငွေ ကျပ် ၃၂ ဘီလျံကျော်ဖြင့် အကောင်အထည်ဖော်နေသည့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ အမျိုးသားကင်ဆာရောဂါကုသရေးဌာန တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်အချိန်ကာလအမီပြီးစီးစေရေး ဆောင်ရွက်ရန် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက ယမန်နေ့တွင် အဆိုပါ ဆေးရုံတည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက်စစ်ဆေးစဉ် မှာကြားခဲ့သည်။
နိုင်ငံတော်အစိုးရအနေဖြင့် အမျိုးသားကင်ဆာရောဂါကုသရေးဌာန တည်ဆောက်ရေးအတွက် လိုအပ်သောရန်ပုံငွေများ ခွဲဝေချထားပေးကြောင်း၊ ကင်ဆာရောဂါဝေဒနာရှင်များအကျိုးငှာ သတ်မှတ်ချိန်အတွင်း စီမံကိန်းပြီးစီးရန် အင်အားပြည့်ဆောင်ရွက်စေလိုကြောင်း၊ ကုသရေးနှင့်ဆောက်လုပ်ရေးဆိုင်ရာ အရည်အသွေးများ ကောင်းမွန်စေရေးနှင့် ကင်ဆာရောဂါဝေဒနာရှင်များအနေဖြင့် စိတ်ချမ်းသာ စွာကုသမှုခံယူနိုင်ရေးအတွက် ဆေးရုံပတ်ဝန်းကျင် သာယာလှပရေးဆောင်ရွက်ရာတွင် မြင်နေကြ ဆေးရုံပတ်ဝန်းကျင်ထက် ပိုမိုသာယာလှပသောပုံစံကို ဆေးပညာရှင်များ၊ အင်ဂျင်နီယာပညာရှင်များပူးပေါင်း၍ ညှိနှိုင်းတိုင်ပင်ဆောင်ရွက်ကြရန် မှာကြားသည်။
အမျိုးသားကင်ဆာရောဂါ ကုသရေးဌာနကို နိုင်ငံတော်၏ ခွင့်ပြုရန်ပုံငွေကျပ် ၃၂ ဘီလျံကျော်ဖြင့် စီမံကိန်းအကောင် အထည်ဖော် ဆောင်ရွက်ကာ ရှစ်ထပ်ကုသဆောင် တည်ဆောက်ရေးနှင့် ဆက်စပ်လုပ်ငန်းများအား ဆောက်လုပ်ရေးဝန်ကြီးဌာန အဆောက်အဦအထူးအဖွဲ့ (၁)မှ တာဝန်ယူကာ ဆက်လက်ဆောက်လုပ်လျက်ရှိသည်။
အမျိုးသားကင်ဆာရောဂါကုသရေးဌာနတွင် စုစုပေါင်းစက်သုံးလုံးဖြင့် တစ်ရက်လျှင် ကင်ဆာရောဂါဝေဒနာရှင် လူနာ ၂၀၀ မှ ၂၅၀ ကျော်အထိ ဓာတ်ရောင်ခြည် ကုသမှုဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
