◾️ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သူများ၏ ပညာသင်ယူခွင့် အခွင့်အရေး ဆက်လက်ရရှိနိုင်ရေး ဆောင်ရွက်ပေးမည်ဟု ယုံကြည်ပါကြောင်း လူ့အခွင့်အရေးကော်မရှင်က မျှော်လင့်တောင်းဆို
MT News
၂၈. ၇. ၂၀၂၅
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အကျဉ်းထောင်များနှင့် သင်တန်းကျောင်းများမှ ၂၁ ဦးအောင်မြင်ခဲ့ပြီး ဂုဏ်ထူးရှင် ၁၆ ဦး ထွက်ပေါ်ခဲ့သလို အဆိုပါတက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သူများ၏ ပညာသင်ယူခွင့် အခွင့်အရေး ဆက်လက်ရရှိနိုင်ရေး ဆောင်ရွက်ပေးမည်ဟု ယုံကြည်ပါကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က မျှော်လင့်တောင်းဆိုထားသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)၊ ပုဒ်မ ၃၆၆ ပုဒ်မခွဲ (က)၊ ၁၉၉၁ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့တွင် မြန်မာနိုင်ငံမှ ပါဝင်ချုပ်ဆိုထားခဲ့သော ကုလသမဂ္ဂ၏ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ်အပိုဒ် ၂၈၊ ၂၉၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေ (၂၀၁၉ ခုနှစ်) ပုဒ်မ ၄၆၊ ၄၇ နှင့် ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းအပိုဒ် ၂၆ တို့တွင် ပညာသင်ယူခွင့်နှင့်စပ်လျဉ်း၍ ပြဋ္ဌာန်းထားသလို မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ကော်မရှင်ဥပဒေပုဒ်မ ၄၃၊ ၄၄ တို့အရ အကျဉ်းထောင်၊ အကျဉ်းစခန်းနှင့် လူငယ်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်း၊ လူငယ်သင်တန်းကျောင်းတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသား၊ အကျဉ်းသူများ၊ လူငယ်သင်တန်းကျောင်းများမှ ကလေးသူငယ်များ၏ ပညာသင်ယူခွင့်အခွင့်အရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိနေသည်ကို တွေ့ရှိခဲ့ရသည်။ ကြည့်ရှုစစ်ဆေးစဉ် တက္ကသိုလ်ဝင်တန်းပညာရေး ဆက်လက်သင်ယူလိုသည့် အကျဉ်းသား၊ အကျဉ်းသူများရှိပါက သက်ဆိုင်ရာဌာနမှ စီစဉ်ဆောင်ရွက်ပေးနိုင်ရန် ကော်မရှင်ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့် အညီ အကြံပြု တိုက်တွန်းလျက်ရှိသည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းအောင်စာရင်းများကို ၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ရာ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအနက် အကျဉ်းဦးစီးဌာနအောက်ရှိ အင်းစိန်ဗဟိုအကျဉ်းထောင်မှ အကျဉ်းသား ၁၀ ဦးနှင့် မန္တလေး ဗဟိုအကျဉ်းထောင်မှအကျဉ်းသား ၆ ဦး၊ စုစုပေါင်း အကျဉ်းသား ၁၆ ဦး အောင်မြင်ခဲ့သည်။ အောင်မြင်သူများတွင် ၃ ဘာသာ ဂုဏ်ထူးရှင် ၆ ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် ၄ ဦးနှင့် ၁ ဘာသာ ဂုဏ်ထူးရှင် ၄ ဦး ပါဝင်ခဲ့သည်။ အလားတူ လူမှုဝန်ထမ်းဦးစီးဌာနအောက်ရှိ ကြည့်မြင်တိုင်မျက်မမြင်ကျောင်းမှ ၁ ဦး၊ ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းမှ ၁ ဦး၊ အမျိုးသမီးကလေးများသင်တန်းကျောင်း (မန္တလေး) မှ ၁ ဦး၊ လားရှိုးလူငယ်သင်တန်းကျောင်းမှ ၁ ဦး၊ လပွတ္တာလူငယ့်အားမာန်သင်တန်းကျောင်းမှ ၁ ဦး၊ စုစုပေါင်းသင်တန်းသား ၅ ဦးလည်း ဖြေဆိုအောင်မြင်ခဲ့ကြောင်း သိရှိရသည်။
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်း ဖြေဆိုအောင်မြင်သူ အကျဉ်းထောင်များရှိ အကျဉ်းသား၊ အကျဉ်းသူများ၊ လူငယ်သင်တန်းကျောင်းများရှိ ကလေးသူငယ်များ၏ တက္ကသိုလ်ဝင်တန်း အောင်မြင်မှုအပေါ် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေဖြင့် ဝမ်းမြောက်ပါကြောင်းနှင့် တက္ကသိုလ်ဝင်တန်းအောင်မြင်သူ အကျဉ်းသား၊ အကျဉ်းသူများနှင့် သင်တန်းသားများ၏ ပညာသင်ယူခွင့် အခွင့်အရေးဆက်လက်ရရှိနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဟု ယုံကြည်ပါကြောင်း မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က သတင်းထုတ်ပြန် တောင်းဆိုထားသည်။

