၂၈.၇.၂၀၂၅
Written by Hey Mar
ဝီဖာ အပူပိုင်းမုန်တိုင်းရဲ့ သက်ရောက်မှုကြောင့် မိုးရွာသွန်းမှုနဲ့အတူ ရေကြီးရေလျံမှုဖြစ်စဉ်တချို့ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၆ ရက်နေ့ကတည်းက ဖြစ်ပေါ်နေပြီး တာချီလိတ်မြို့ ပုန်းထွန်ဇလဗေဒတိုင်းတာရေးစခန်းရဲ့ ဒီနေ့မနက် (၀၉း၃၀ )နာရီတိုင်းထွာချက်အရ မိုးရေချိန်(၃ ဒသမ ၁၂)လက်မနဲ့ မယ်ဆိုင်ချောင်းဟာ ရေမှတ်(၆၀၀) စင်တီမီတာမှာရောက်ရှိနေတယ်လို့ သိရပါတယ်။
မယ်ဆိုင်ချောင်းရေမှာ လက်ရှိမှာ စိုးရိမ်ရေမှတ်အထက်ကို ငါးပေခွဲခန့်မြင့်တက်နေပြီး တာချီလိတ်မြို့ရဲ့ အနိမ့်ပိုင်းရပ်ကွက်တွေဖြစ်တဲ့ ပုန်းထွန်၊ တာလော့၊ မကာအိုခမ်း၊ ဆန်ဆိုင်း(က၊ခ) စတဲ့ရပ်ကွက်တွေအပါအဝင် လွယ်တော်ခမ်းကျေးရွာရှိ ရပ်ကွက်တချို့လည်း ရေ ၃ ပေကနေ ငါးပေနီးပါးအထိ ဝင်ရောက်လျက်ရှိတယ်လို့ ဒေသခံတချို့ရဲ့ ပြောပြချက်အရ သိရပါတယ်။
တာချီလိတ် -မယ်ဆိုင် အမှတ်( ၁) ချစ်ကြည်ရေးတံတားအနီးမှာ အမျိုးသမီးတစ်ဦးက “တာချီလိတ်မြို့ထဲ ရေနစ်မြုပ်နေတဲ့ ရပ်ကွက်တချို့တော့ မီးဖြတ်ထားတယ်။ ရေဘေးကယ်ဆယ်ရေး စခန်းလည်း အောင်မြတ်ခန်းမမှာ ဖွင့်ပေးထားတယ်။ တချို့ကလည်း ရေကများနေတော့ အဲ့ဒီအထိ မသွားတော့ဘဲ နီးစပ်ရာဘုန်းကြီးကျောင်းတွေ ခဏတက်နေကြတယ်။ အထပ်မြင့်ဟိုတယ်တွေ တက်နေကြတာလည်းများတယ်။ အခု မြို့ပေါ်ရပ်ကွက် ၆ ခု ရေဝင်နေပြီ။ အမှတ် (၁) တံတားကလည်း လူတော့ပေးဖြတ်တယ်။ ကားတွေ ဆိုင်ကယ်တွေ ဖြတ်သန်းခွင့် ပိတ်ထားတယ်” လို့ MT News ကဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
ဒီနေ့ ဇူလိုင်လ (၂၈)ရက်နေ့၊ နံနက် (၇:၃၅) မိနစ်မှာ မယ်ဆိုင်-တာချီလိတ် အမှတ်(၁)ချစ်ကြည်ရေးတံတား နယ်စပ်ဂိတ်ကို ယာယီပိတ်ထားလိုက်ပြီး ရေကြီးရေလျှံမှု အခြေအနေ ကောင်းမွန်လာမှသာ ပုံမှန်အတိုင်း ပြန်ဖွင့်မယ်လို့ သိရပါတယ်။ ပုန်းထွန်၊ တာလော့နဲ့ မကာဟိုခမ်းရပ်ကွက်တွေမှာလည်း ဘေးအန္တရာယ်ကင်းရှင်းရေး ဦးစားပေးကာ လျှပ်စစ်ဓာတ်အား ခေတ္တခဏဖြတ်တောက်ထားကြောင်း တာချီလိတ်မြို့၊ မြို့မီးလင်းရေးဦးဆောင်ကော်မတီက ကြေညာထားပါတယ်။
တာချီလိတ်ဒေသခံတစ်ဦးက “တာချီလိတ်က ၂၀၂၂ နောက်ပိုင်းမှာ မယ်ဆိုင်ချောင်းအထက်ဘက်မှာ ရွှေတူးတာတွေပိုများလာပြီးနောက်ပိုင်း မြို့မှာ ရေကြီးရေလျံမှုအခြေအနေ ဆိုးလာတယ်။ ရွှေတူးတာက ထွက်တဲ့ နုန်းတွေ မယ်ဆိုင်ချောင်းထဲသွန်ကြတယ်။ နောက်ပြီး အရင်ကဆိုရင် ရေဝင်ရင်လည်း နုန်းတွေဆေးချလိုက်ပြီးရင် မြို့က ပုံမှန်အတိုင်းပြန်သန့်သွားတာပဲ။ အခုကြတော့ ချောင်းရေတက်ပြီးရင် ရေထိထားတဲ့ အရာဝတ္ထုတွေက ပျက်စီးလာတယ်။ ကားတွေမှာ သိသာတယ်။ အောက်ပိုင်းတွေ သံချေးကိုက်ကုန်တာ။ ရွှေတူးတာမှာသုံးတဲ့ ဓာတုပစ္စည်းကြောင့်” လို့ MT News ကို ပြောပါတယ်။
မယ်ဆိုင်ချောင်းရေဟာ တာချီလိတ်မြို့ စိုးရိမ်ရေမှတ် ၃၉၀ စင်တီမီတာအထက် ၅ ပေကျော်ခန့် ကျော်လွန်ရောက်ရှိလာခဲ့ပြီးနောက် ၂၄ နာရီအတွင်း ၂ ပေခန့် ဆက်လက်မြင့်တက်နိုင်လို့ ဘေးလွတ်ရာဆီ ရွှေ့ပြောင်းထားကြဖို့ကိုလည်း သက်ဆိုင်ရာနဲ့ လူမှုကူညီရေးအဖွဲ့တွေက နှိုးဆော်နေပြီး၊ ယာယီရေဘေးရှောင် အောင်မြတ်ခန်းမမှာ ခေတ္တလာရောက်နေထိုင်သူ အခုအခါ ၈၀ နီးပါးရှိနေပြီဖြစ်ကာ စားသောက်ရေးအတွက် တာချီလိတ်မြို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူတွေနဲ့ လူမှုကူညီရေးအသင်းတွေ ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။





